လူမှုကွန်ရက်မှာ စစ်ကောင်စီကို ဆန့်ကျင်ပြောဆိုမှုကြောင့် ဖမ်းဆီးခံရသူ ၁၃၀၀ ကျော်ရှိ

By မဇ္ဈိမ 
09 October 2023
လူမှုကွန်ရက်မှာ စစ်ကောင်စီကို ဆန့်ကျင်ပြောဆိုမှုကြောင့် ဖမ်းဆီးခံရသူ ၁၃၀၀ ကျော်ရှိ

လူမှုကွန်ရက်မှာ စစ်ကောင်စီကို ဆန့်ကျင်ပြောဆိုမှုတွေ လုပ်ခဲ့တဲ့အတွက် ဖမ်းဆီးခံရသူ ၁၃၁၆ ဦး ရှိတယ်လို့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ Data for Myanmar အဖွဲ့က အောက်တိုဘာလ ၈ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။

လူမှုကွန်ယက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုများနဲ့ နွေဦးတော်လှန်ရေး အဖွဲ့အစည်းများကို ထောက်ခံအားပေးတဲ့ ရေးသားမှုတွေနဲ့ ပြောဆိုဆက်သွယ်မှုများကြောင့် ၂၀၂၂ ဖေဖော်ဝါရီမှ ယခုနှစ် ၂၀၂၃ စက်တင်ဘာလကုန်အထိ ဖမ်းဆီးခံရသူ အရေအတွက်မှာ ၁,၃၁၆ ဦး ရှိကြောင်းတွေ့ရတယ်လို့ ဖော်ပြထားပါတယ်။

လူမှုကွန်ယက်ကနေ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများပြုလုပ်ပါက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က ၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က) နှင့်တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဟု  ၂၀၂၂ ဇန်နဝါရီ ၂၅ ရကမှာ  စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပြီးနောက်  ဖမ်းဆီးအရေးယူမှုများကို  စစ်ကောင်စီ ဝါဒဖြန့်နေ့စဉ်သတင်းစာတွေနဲ့စစ်ကောင်နဲ့  နီးစပ်တဲ့  သတင်းမီဒီယာတွေကနေ တဆင့်နေ့စဉ် ဖော်ပြနေကြောင်း ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ Facebook အသုံးပြုသူတွေက အများစုဖြစ်ပြီး TikTok နဲ့ Telegram အသုံးပြုသူအချို့လည်း ပါဝင်ပြီဒ လူမှုကွန်ယက်ပေါ်မှာ ရေးသားမှုတွေနဲ့ ပြောဆိုဆက်သွယ်မှုတွေကြောင့် အဖမ်းခံရသူ အရေအတွက်ဟာ လစဉ် ပျမ်းမျှ ၆၅  ဦးခန့်ရှိပါတယ်လိ့ု Data for Myanmarက ထုတ်ပြန်ပါတယ်။

 ၂၀၂၂ မေ၊ ဇွန်၊ ဇူလိုင်လနဲ့ ဩဂုတ်လမှာ လစဉ် လူ ၁၀၀ ကျော်ဖမ်းဆီးခဲ့ပြီး ၄ လပေါင်း လူဦးရေ ၅၀၀ အဖမ်းခံခဲ့ရတယ်လို့ဆိုပါတယ်။

ရန်ကုန်တိုင်းက ၃၂၃ ဦးနဲ့ အများဆုံးဖမ်းဆီးခံခဲ့ရပြီး မန္တလေးတိုင်းက ၂၈၄ ဦးနဲ့ ဒုတိယအများဆုံး ဖမ်းဆီးခံရတာပါ။ အဲဒီနောက်မှာတော့ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းတွေက ဖမ်းဆီးခံရမှုအများဆုံး ဒေသတွေအဖြစ် အစဉ်အတိုင်းရပ်တည်နေပါတယ်။

စစ်ကောင်စီက ၎င်းတို့ ဖမ်းဆီးခဲ့သူများကို အမှန်တကယ် ဖမ်းဆီး ထောင်ချခြင်းရှိမရှိ၊ ပြန်လည်လွတ်မြောက်မှု ရှိ၊မရှိနဲ့  နောက်ဆုံးအခြေအနေ စတဲ့တစ်ဦးချင်း အသေးစိတ်အချက်အလက်များကို Data for Myanmar အနေဖြင့် မသိရှိကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

အချက်အလက်တွေကို နေ့စဉ်သတင်းစာများ၊ စစ်ကောင်စီနဲ့ နီးစပ်တဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်များကို တိုက်ဆိုင်စစ်ဆေးပြီး စုစည်းထားခြင်းဖြစ်တယ်လို့ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာလ ၆ ရက်နေ့ စာရင်းအရ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လို့ နိုင်ငံတစ်ဝန်းမှာ ပြည်သူ ၁၉၆၆၉ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။

အမေရိကန်အခြေစိုက် Freedom House အဖွဲ့က အောက်တိုဘာလ ၄ ရက်ထုတ် အစီရင်ခံစာမှာ အင်တာနက်လွတ်လပ်ခွင့် ဖိနှိပ်ချိုးဖောက်ခံနေရတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ မြန်မာနိုင်ငံဟာ ဒုတိယအဆိုးဆုံးနိုင်ငံဖြစ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly