ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာရှိ စစ်ဘေးရှောင်စခန်းတခုတွင် အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီခန့်က လက်နက်ကြီးကျည် ဆော့ကစားမိရာမှ ကလေးငယ် တဦးသေဆုံးကာ နှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းတာဝန်ရှိသူထံမှ သိရ သည်။
“ဆုံးသွားတဲ့ကလေးက လက်နက်ကြီးကျည်ကို ကိုင်ပြီးထုခဲ့တာ။ အဲ့ဒါကမိုင်းမဟုတ်ဘူး လောင်ချာအသီး၊ ပစ်လို့ရတယ်။ အရင်တည်းကရှိနေတာထင်တယ်။ အဲဒါကို ကလေးတွေက ကောက်ရတယ်။ ကောက် ရတယ်ဆိုပြီး ထုကြမယ်ဆိုပြီးတော့ ကလေးနှစ်ယောက်က မလုပ်နဲ့ပြောသေးတယ်။ သူက ထုလိုက်တာ။ အဲဒီမှာ တခါတည်းပါသွားတယ်။ ဘေးကနှစ်ယောက်ကလည်း အဝေးကိုပြေးသွားလို့ မဟုတ်ရင် သူတို့ လည်းပါတယ်” ဟု လူမှုကူညီရေးအသင်းတာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။
သေဆုံးသွားသည့် ကလေးငယ်မှာ အသက် ရှစ်နှစ်အရွယ် မောင်နေတိုးဟိန်း ဖြစ်ပြီး အသက်ခြောက်နှစ် အရွယ်များဖြစ်သည့် မောင်မျိုးဇော်လင်းသည် ပြင်းထန်ဒဏ်ရာဖြင့် စစ်တွေဆေးရုံသို့ ပို့ဆောင်ထားရကာ မောင်မျိုးချစ်ဦးသည်လည်း ယိုးတရုတ်တိုက်နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
အဆိုပါစစ်ရှောင်စခန်းတွင် ကျောက်တော်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့ရှိကျေးရွာများမှ စစ်ဘေး ရှောင် ၂၀၀ နီးပါး နေထိုင်ကြပြီး သေဆုံးနှင့် ဒဏ်ရာရကလေးငယ်များသည် စစ်ဘေးရှောင် ကလေးငယ် များဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်း ပေါက်ကွဲမှုများကြောင့် ထိခိုက်သေဆုံးမှု ၂၀ ရာခိုင်နှုန်းမှာ ကလေးငယ်များဖြစ်ကြပြီး ယခု ၂၀၂၃ ခုနှစ် ပထမခြောက်လအတွင်း စစ်ကျန်လက်နက် ပစ္စည်း ပေါက်ကွဲမှုကြောင့် တနိုင်ငံလုံးအတိုင်းအတာဖြင့် ထိခိုက်ခံစားရသူအရေအတွက် ၅၅၆ ဦး ရှိကာ ၂၀၂၂ ခုနှစ် တနှစ်လုံးတွင် ၃၉၀ ဦး ရှိခဲ့ကြောင်း UNICEF Myanmar မှ ဇွန်လတွင် ထုတ်ဝေခဲ့သည့် “မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများ ဖြစ်ရပ်သတင်းအချက်အလက်များ” အစီရင်ခံစာ တွင် ဖော်ပြထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ