ရန်ကုန်တွင် စက်သုံးအရောင်းဆီဆိုင်အချို့၌ ဓာတ်ဆီ အရောင်းရပ်

By မဇ္ဈိမ 
09 October 2023
ရန်ကုန်တွင် စက်သုံးအရောင်းဆီဆိုင်အချို့၌ ဓာတ်ဆီ အရောင်းရပ်

ရန်ကုန်မြို့တွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဈေးနှုန်းများကျဆင်းနေသော်လည်း အကန့် အသတ်ဖြင့်သာရောင်းချနေပြီး အချို့ဆိုင်များတွင် ဓာတ်ဆီ(အောက်တိန်း) ဝယ်ယူ၍မရကြောင်း အငှား ယာဉ်မောင်းများထံမှ သိရသည်။

“မနက်ကတည်းက ဆီလိုက်ထည့်နေတာ ၁၀ ဆိုင်လောက်ရှိပြီ၊ ဓာတ်ဆီ 92 လည်းဝယ်မရ၊ 95 လည်း ဝယ်မရဖြစ်နေတယ်၊၊ နောက်ဆုံးတော့ ယုဇနမှာရှိတဲ့ဆိုင်တဆိုင်မှာပဲ ထည့်လို့ရတယ်။ ဆီဈေးတွေက တော့ ကျနေတာပဲ။ အရင်က ၂,၀၀၀ ကျော်နဲ့ ထည့်ရတယ်၊ အခုနှစ်ရက်ရှိပြီ ၂,၀၀၀ အောက်နဲ့ ထည့် ရတယ်။ ဒါပေမယ့် လိုသလောက်မရဘဲ သူတို့ရောင်းသလောက်ပဲ ဝယ်လို့ရတယ်” ဟု အငှားယာဉ်မောင်း တဦးက ပြောသည်။

စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ထားသောစာရင်းများအရ အောက်တိုဘာလ ၉ ရက် ယနေ့ပေါက်ဈေးအဖြစ် ရန်ကုန်တွင် 92 တလီတာလျှင် ၁,၈၄၄ ကျပ် နှင့် 95 တလီတာလျှင် ၁,၉၄၀ ကျပ်ဖြစ်ပြီး၊ မန္တလေးတွင် 92 တလီတာလျှင် ၁,၉၁၅ ကျပ်၊ 95 တလီတာလျှင် ၂,၀၁၃ ကျပ်ဖြင့် ရောင်းချပေးနေသည်ဟု ဖော်ပြထားသည်။

“ကျွန်တော်တို့တွေလည်း တက္ကစီခ ပိုမတောင်းချင်ပါဘူး။ ဂတ်(စ်)ကားက တနေ့ကို ၆,၀၀၀ ဖိုးထည့်ထား ရင် တနေကုန်ဆွဲလို့ရတယ်။ ဒါပေမယ့်သူလည်း တနေကုန်တန်းစီရတာပဲ။ ကျွန်တော်တို့ကလည်း အခုဆို တန်းစီပြီး ဝယ်နေရတယ်။ ဆီးဈေးတက်နေတာမှ လိုသလောက်ဝယ်လို့ရသေးတယ်။ အခုဆီဈေး ချထား ပေးပြီး ဝယ်မရတော့ ဘာမှလုပ်စားလို့မရတော့ဘူး” ဟု အငှားယာဉ်မောင်းတဦးက ပြောသည်။

လက်ရှိတွင် ရန်ကုန်နှင့်မန္တလေးတိုင်းအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဓာတ်ဆီ လိုသလောက် မရခြင်း၊ အရောင်းရပ်ထားခြင်းများနှင့်ကြုံတွေ့နေရပြီး ဒီဇယ်ဈေးနှုန်းများမှာ လက်တလော ငြိမ်နေသေး သည်ဟု သိရသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly