ပဲခူးရိုးမသို့ စစ်ကြောင်းထိုးသော စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့တိုက်ခိုက်

By ရွှေနွယ်(မဇ္ဈိမ)
08 October 2023
ပဲခူးရိုးမသို့ စစ်ကြောင်းထိုးသော စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့တိုက်ခိုက်

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ကိုင်းကွင်းကျေးရွာနှင့် ထန်းကုန်းကျေးရွာကြားတွင် ပဲခူးရိုးမ ပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို အောက်တိုဘာလ ၆ ရက်‌နေ့က တိုက်ခိုက်ခဲ့ ကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF) သတင်းပြန်ကြားရေးတာဝန်ခံက မဇ္ဈိမ ကို ပြောသည်။

အောက်တိုဘာလ ၆ ရက်နေ့ ညနေ ၄ နာရီခန့်က သစ်ပုတ်တာဝါတိုင်အထိုင်စခန်းမှ ထွက်လာသော အင်အား ၂၀ ကျော်ပါ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းအား ပြည်ခရိုင် PDF တပ်ရင်းများဖြစ်သည့် တပ်ရင်း (၃၆၀၁) နှင့် တပ်ရင်း (၃၆၀၂) တို့က ပူးပေါင်းကာ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့နဲ့ သူတို့စစ်ကြောင်း ကိုက် ၁၅၀ လောက်ကွာတယ်။ သူတို့ဘက်ကလည်း ပြန်ပစ်တာ ရှိတယ်။ ပစ်ခတ်ချိန် မိနစ် ၂၀ လောက်ကြာပါတယ်” ဟု ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF မှ သတင်းပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကိုပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ နှစ်ဦးသေဆုံး၍ ငါးဦးဒဏ်ရာရရှိသည်ဟု ဒေသခံသတင်းပေး များထံမှ သိရကြောင်း ၎င်းကပြောသည်။
“အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို ဝဲကြီးဆည်ဘောင်ရင်းကို လှေနဲ့ပို့ပြီး အဲ့ဒီကနေ ပေါင်းတည်ဘက် ကို ည ၁၀ ကျော်လောက်မှာ လူနာတင်ယာဉ်နဲ့လာတင်သွားတယ်လို့ သတင်းရထားပါတယ်” ဟု PPDF သတင်းပြန်ကြားရေးတာဝန်ခံကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဘက်မှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြန်လည်ခုခံပစ်ခတ်သော်လည်း ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိခဲ့ကြောင်းလည်း ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းမှ ကျန်ရှိအင်အားသည် ပြန်လည်တပ်ဆုတ်သွားရာ လက်ရှိတွင် ကြိုးကုန်း ကျေးရွာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ပေါင်းတည်မြို့ သစ်ပုတ်ရွာရှိ Mytel တာဝါတိုင်တွင် အထိုင်စခန်းချ နေထိုင်နေကြခြင်းဖြစ်ပြီး အနီးအနားကျေးရွာများသို့ ရွာစဉ်လှည့်စစ်ကြောင်းထိုးခြင်း၊ ပဲခူးရိုးမဘက်သို့ စစ်ကြောင်းထိုးခြင်းများကိုပြုလုပ်လေ့ရှိပြီး စစ်ကြောင်းများ တိုက်ခိုက်ခံရပြီးပါက သစ်ပုတ်တာဝါတိုင် အထိုင်စခန်းသို့ပင် ပြန်လည်ဝင်ရောက်သွားလေ့ရှိကြောင်း PPDF ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက် နံနက်ပိုင်းကလည်း ကိုင်းကွင်းရွာနှင့် ထန်းကုန်းရွာကြားမှာပင် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းအား ကာကွယ်ရေးတပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တပ်ဆုတ် ခွာထွက်ပြေးစဉ် ကျန်ခဲ့သည့် လက်နက်ခဲယမ်းအချို့ကို ကာကွယ်ရေးတပ်ဖွဲ့က သိမ်းဆည်းနိုင်ခဲ့ ကြောင်း သိရသည်။

စာတည်း ။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required