ပုလောမြို့နယ်မှ ကျေးရွာ ၅ ရွာကို စက်သုံးဆီသယ်ယူခွင့်ပိတ်ထား၍ ငါးဖမ်းထွက်ရန် အခက်ကြုံ

By ကိုရွှေမြိတ်(မဇ္ဈိမ)
08 October 2023
ပုလောမြို့နယ်မှ ကျေးရွာ ၅ ရွာကို စက်သုံးဆီသယ်ယူခွင့်ပိတ်ထား၍ ငါးဖမ်းထွက်ရန် အခက်ကြုံ
ပုံအညွှန်း-ရွာငါးရွာက ဒေသခံစစ်ရှောင်တို့၏ ယာယီတဲများ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်းရှိ ကျေးရွာငါးရွာကို စစ်ကောင်စီတပ်က စက်သုံးဆီ သယ်ယူခွင့် ပိတ်ထားသည့်အတွက် ငါးဖမ်းထွက်ရန် အခက်ကြုံနေရသည်ဟု ဒေသခံများထံမှ သိရသည်။

ပုလောမြို့နယ်အတွင်းရှိ လက္ကူး၊ မှော်ကြောင်း၊ မြဒေါင်၊ ပိတပ်နှင့် မင်းထိန်ကျေးရွာတို့ကို စစ်ကောင်စီ တပ်က စက်သုံးဆီသယ်ယူခွင့်ပိတ်ထားသည်ဟု ဆိုသည်။

“သယ်ယူခွင့် ပိတ်ထားတာ ရက် ၂၀ လောက်ရှိပြီ။ ဆိုင်တွေမှာလည်း ဝယ်လို့မရသလို သယ်လာလို့လည်း မရဘူး။ တံငါရွာတွေဖြစ်လို့ ငါးဖမ်းလှေထွက်ဖို့ စက်သုံးဆီမရှိတာ အခက်ကြုံနေရတယ်”ဟု ဒေသခံတဦး က ပြောသည်။

လက္ကူးရွာနှင့် မြဒေါင်းရွာတို့သည် ငါးဖမ်းစက်လှေများအသုံးပြု လုပ်ကိုင်နေရသည့်အတွက် စက်သုံးဆီ မရှိ၍ လုပ်ငန်းရပ်နားထားရပြီး အခြားကျေးရွာများတွင်လည်း စက်သုံးဆီ အလုံအလောက်မရ၍ ပင်လယ် ပြင်သို့မထွက်နိုင်ကြောင်းဆိုသည်။

“ရေလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုနေတဲ့ ဒေသခံတွေမှာ စက်သုံးဆီမရှိတော့ ငါးဖမ်းလှေတွေ ပင်လယ်ပြင်ကို ထွက်မရဖြစ်နေသလို ထွက်ရင်လည်း စစ်ကောင်စီတပ်ကသင်္ဘောရန်ကိုပါ ကြောက်နေ ရတယ်”ဟု လက္ကူးရွာခံတဦးက ပြောသည်။

လက်ရှိတွင် ငါးဖမ်းလှေများ ရပ်နားထားရသည်မှာတလကျော်ကြာရှိနေပြီး စက်လှေလုပ်သားအချို့မှာ နီးစပ်ရာဒေသများရှိ ငါးဖမ်းစက်လှေများရှိရာသို့ သွားရောက် လုပ်ကိုင်နေကြရကြောင်း ဆိုသည်။

လက္ကူးကျေးရွာအုပ်စုသည် ပင်လယ်ကမ်းရိုးတန်းတွင်တည်ရှိသည့်ကျေးရွာများဖြစ်ပြီး ဒေသခံအများစုမှာ ကမ်းနီးငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးကြသည်ဟု ဆိုသည်။

“ငါးဖမ်းမထွက်ရတာရက်ကြာလာတော့ တချို့လှေပိုင်ရှင်တွေ စက်တွေ ရောင်း၊ ပေါင်၊ ချေးငှားပြီး စား သောက် နေကြရတာပေါ့။ တချို့ကလည်း ပုလောမြို့နဲ့ မြိတ်ဖက်တက်ပြီး ကျွန်းစုတခွင်မှာ သွားလုပ်စား နေကြသူတွေလည်း ရှိတယ်”ဟု စစ်ရှောင် အမျိုးသမီးတဦးက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့များက ရေကြောင်းနှင့် ကုန်းလမ်းမှပါ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ ခြင်းကြောင့် ကာကွယ်ရေးတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သိရသည်။

လက္ကူးကျေးရွာ အုပ်စုအတွင်းရှိ လက္ကူးရွာနှင့် မြဒေါင်းရွာနှစ်ရွာသည် ပင်လယ်ကမ်းစပ်နှင့် အနီးဆုံးဖြစ် သည့်အပြင် စစ်ကောင်စီတပ်ဖွဲ့က သင်္ဘောများဆိုက်ကပ် ရပ်နားထားသည့်အတွက် ဒေသခံများထွက် ပြေးတိမ်း ရှောင်နေရသည်ဟုလည်း သိရသည်။

စာတည်း ။       ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly