ဗုံးခြိမ်းခြောက်မှုကြောင့် ဖိလစ်ပိုင်လေဆိပ် ၄၂ ခုတွင် လုံခြုံရေးတပ်လှန့်

ဗုံးခြိမ်းခြောက်မှုကြောင့် ဖိလစ်ပိုင်လေဆိပ် ၄၂ ခုတွင် လုံခြုံရေးတပ်လှန့်
မနီလာမြို့တော်ရှိ Ninoy Aquino အပြည်ပြည်ဆိုင်ရာလေဆိပ်။ / Photo: AFP

ဖိလစ်ပိုင်နိုင်ငံတွင် လေယာဉ်များအား ဗုံးခြိမ်းခြောက်မှုတရပ် လေကြောင်းအာဏာပိုင်များက ရရှိသည့်နောက်တွင် သောကြာနေ့၌ လေဆိပ်ဒါဇင်များစွာတွင် လုံခြုံရေးကင်းလှည့်မှုများနှင့် အနံ့ခံခွေးများဖြင့် ရှာဖွေခြင်းများဖြင့် လုံခြုံရေးတပ်လှန့်ခဲ့သည်။

မနီလာက လေယာဉ်တစင်းနှင့် အခြား လေးစင်း “ပေါက်ကွဲလိမ့်မည်”ဟု သတိပေးထားသည့် အီးမေးလ်မှတဆင့် ရရှိသော ခြိမ်းခြောက်မှုကို စုံစမ်းစစ်ဆေးလျက် ရှိသည်ဟု အရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့က ပြောသည်။

လေဆိပ် ၄၂ ခုတွင် “လုံခြုံရေးတပ်လှန့်ထားပြီး” လေဆိပ်အားလုံး၌ ဝင်ရောက်မှု လုံခြုံရေး ချက်ချင်းချမှတ်ခြင်းကို စည်းမျဉ်းကြပ်မတ်သူများက သောကြာနေ့တွင် ထုတ်ပြန်သည်။

လေယာဉ်ပျံသန်းမှု အမျှင်ပြတ်ခြင်း မရှိသကဲ့သို့ မည်သည့်ဗုံးမျှ မတွေ့ရှိကြောင်း လေကြောင်းအာဏာပိုင်အဖွဲ့ ပြောခွင့်ရသူ အဲရစ် အက်ပိုလိုနီယိုက အေအက်ဖ်ပီသို့ ပြောသည်။

နေ့စဉ် လုံခြုံရေး စောင့်ကြပ်ထားပြီးသားတွင် ထပ်မံ၍ ခြေလျင်နှင့် ယာဉ်သွား ကင်းလှည့်မှုနှင့် တပ်ဖွဲ့ဝင် ဖြန့်ကြက်မှုများကို ထပ်ဆောင်း ဆောင်ရွက်ထားကြောင်း မနီလာလေဆိပ်အာဏာပိုင်များက သောကြာနေ့တွင် ပြောသည်။

မနီလာလေဆိပ်က လုံခြုံရေး လုပ်ငန်းစဉ်ကို အခြားသော လေဆိပ်များတွင်လည်း အကောင်အထည်ဖော် ဆောင်ရွက်ထားကြောင်း အက်ပိုလိုနီယိုက အေအက်ဖ်ပီသို့ ပြောသည်။

ယခု ခြိမ်းခြောက်မှုသည် တနင်္လာနေ့မှနောက်ပိုင်း ဒုတိယအကြိမ်ဖြစ်ပြီး တနင်္လာနေ့က မနီလာသို့ ဦးတည်သော ဘီကောလေဆိပ်မှ ပျံတက်သည့် လေယာဉ်တစင်းတွင် လေယာဉ်အိမ်သာသုံးစက္ကူပေါ် “ဗုံး” ဟု ရေးသားထားသည်ကို လေယာဉ်မှူးက တွေ့ရှိ၍ ပျံသန်းမှုကို ပယ်ဖျက်ခဲ့ရသည်ဟု ၎င်းက ပြောသည်။

ထိုအတွက် လုံခြုံရေးစစ်ဆေးရန်အတွက် ခရီးသည် ၁၃၃ ဦးစလုံးကို ဆင်းခိုင်းခဲ့ကာ လေယာဉ်ပြေးလမ်းကို ပိတ်၍ လေယာဉ်ပျံသန်းမှုများ ရပ်ဆိုင်းခဲ့ကာ ဆင်းသက်လာသည့် လေယာဉ်တစင်းကိုလည်း မနီလာသို့ ပြန်လည်ပျံသန်းစေခဲ့သည်။

နောက်ပိုင်းတွင် “နောက်ပြောင်ခြင်း” ဖြစ်ကြောင်းသာ ဖြစ်သည်ဟု အာဏာပိုင်များက ကောက်ချက်ချပြီး လေးနာရီနီးပါး ကြာမြင့်မှ ထိုလေယာဉ်ကို ပျံသန်းခွင့် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တနင်္လာနေ့က ဖြစ်စဉ်နှင့် ယခု ဗုဒ္ဓဟူးနေ့က ခြိမ်းခြောက်မှုသည် ဆက်စပ်မှု ရှိမရှိ အာဏာပိုင်များက သံသယရှိလားဆိုခြင်းကို အက်ပိုလိုနီယိုက ထင်မြင်ချက် မပေးခဲ့ပေ။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly