စစ်ကောင်စီနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ စာချုပ် သက်တမ်းထပ်တိုးရန် ထိုင်း PTTEP ကုမ္ပဏီ စဉ်းစား 

စစ်ကောင်စီနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ စာချုပ် သက်တမ်းထပ်တိုးရန် ထိုင်း PTTEP ကုမ္ပဏီ စဉ်းစား 

ထိုင်းနိုင်ငံပိုင် PTT ကုမ္ပဏီ၏ လက်ခွဲဖြစ်သော ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်သည့် PTTEP ကုမ္ပဏီသည် မြန်မာစစ်ကောင်စီနှင့် ထုတ်လုပ်မှု စာချုပ် သက်တမ်းထပ်တိုးရန်အတွက် စဉ်းစားလျက် ရှိနေသည်။ 

လက်ရှိ စာချုပ်သည် ၂၀၂၈ တွင် သက်တမ်းကုန်မည် ဖြစ်သည်။ 

“သက်တမ်း ထပ်တိုးရုံ မျှော်လင့်တာမဟုတ်ဘဲ ထိုင်းနဲ့ မြန်မာမှာ ဓာတ်ငွေ့ ဖူလုံရေးအတွက်ပါ ကျွန်တော်တို့က မျှော်လင့်ထားတာ ဖြစ်တယ်”ဟု PPTEP အမှုဆောင် မွန်ထရီ ရာဝန်ချက်ကူက ရိုက်တာသို့ ပြောသည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းချိန်မှစပြီး Posco၊ Interra Resources နှင့် PTTEP တို့မှ လွဲ၍ ပြည်ပကုမ္ပဏီ တော်တော်များများသည် နိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ ထွက်ခွာသါားကြသည်။ 

ဇောတိကနှင့် ရတနာ ဓာတ်ငွေ့လုပ်ကွက်မှ PTTEP ၏ ထုတ်လုပ်မှု စုစုပေါင်းသည် မြန်မာနိုင်ငံ၏ လျှပ်စစ်သုံးစွဲမှု၏ ၅၀ ရာခိုင်နှုန်းနှင့် ထိုင်းနိုင်ငံ အနောက်ပိုင်းတွင် အဓိဖြစ်သော လျှပ်စစ်သုံးစွဲမှု၏ ၂၀ ရာခိုင်နှုန်းခန့် ရှိသည်။ 

ယခုနှစ် မတ်လအတွင်း၌ အဝေးရောက် အမျိုးသားညီညွတ်ရေး အစိုးရ NUG က PTTEP ထံသို့ တရားဝင်စာ ရေးသားခဲ့သည်။ PTTEP အနေဖြင့် ရတနာနှင့် ဇောတိက ကမ်းလွန်ဓာတ်ငွေ့ ထုတ်လုပ်ရေးအတွက် မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE အား ငွေပေးချေးမှုကို ရပ်ဆိုင်းရန် အဆိုပါစာ၌ တိုက်တွန်းထားသည်။ 

ယင်းအစား နောက်ပိုင်း ပေးချေမှုအား NUG သို့ ပေးရန်လည်း တိုက်တွန်းထားသည်။ 

MOGE နှင့် သက်ဆိုင်သော စာချုပ်များအရ စစ်ကောင်စီသို့ အခွန်ဘဏ္ဍာ ပေးချေမှု သတင်းအချက်အလက်များကို ပေးရန်အပြင် အာဏာသိမ်းမှုနောက်ပိုင်း လစဉ် အစီရင်ခံစာနှင့် လုပ်ငန်း အသေးစိတ်များကို ထုတ်ပြန်ရန်လည်း NUG က တိုက်တွန်းသည်။ 

NUG ၏ ရည်မှန်းချက်သည် MOGE မှတဆင့် စစ်ကောင်စီနှင့် ၎င်း၏ အကြမ်းဖက်မှုများဆီ ရန်ပုံငွေ စီးဝင်နေမှုအား ဖြတ်တောက်ရန် ဖြစ်ကြောင်း NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီး ဦးတင်နိုင်ထွန်းက အွန်လိုင်းသတင်းစာရှင်းလင်းပွဲတရပ်၌ ပြောထားသည်။ 

MOGE သည် ၂၀၂၂ ဒုတိယသုံးလပတ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော် ဘဏ္ဍာဝင်ငွေ  ရရှိပြီး အများစုမှာ ကပ္ပလီပင်လယ်ရှိ PTTEP လုပ်ကိုင်သော ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ လုပ်ကွက်မှ ဖြစ်သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly