တရုတ်ထုတ် လျှပ်စစ်ကား အားသွင်းရင်း မီးထလောင်

By ကီရာ(မဇ္ဈိမ)
06 October 2023
တရုတ်ထုတ် လျှပ်စစ်ကား အားသွင်းရင်း မီးထလောင်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ (၃၁) ရပ်ကွက် သခင်ဗစိန်လမ်း၊ တိုက်အမှတ် (၂၂)တွင် အောက်တိုဘာလ ၅ရက် ည၁၂နာရီကျော်အချိန်က တရုတ်ထုတ် EV လျှပ်စစ်ကား အားသွင်းရင်း မီးထလောင်မှု ဖြစ်ပွားသည်ဟု သိရသည်။

“တိုက်အောက်မှာ EV ကား အားသွင်းရင်းနဲ့လောင်တာ ဘာမှတောင် မယူအားဘူး ။ ကားတစီးလုံးလည်းကုန်ပြီ။  လျှပ်စစ်ကား အားသွင်းရင်းနဲ့ဖြစ်တာ။ အားသွင်းရင်းနဲ့ထပေါက်တာ ။ လောင်နေတာ တော်တော်ကြာပြီ ။ဘာမှတောင်မပါဘူး ဆင်းပြေးလာရတာ စာရွက်စာတမ်းတွေပဲ ပါတယ် ။ ကုန်ပြီလေ တစီးလုံး ဓာတ်ကြိုးတွေပါလောင် နေပြီ“ဟု ကားမီးလောင်မှုဖြစ်ပွါးရာအနီး နေထိုင်သူတဦးက ၎င်း၏လူမှုကွန်ရက်ပေါ်တွင် Live လွှင့်ပြောဆိုထားသည်။

မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှလည်း အဆိုပါမီးလောင်ကျွမ်းမှုကို မီးသတ်ယာဉ်နှစ်စီးဖြင့် ၁၀မိနစ်ကျော်ခန့် မီးငြှိမ်းသတ်ခဲ့ရသည်ဟု  ထုတ်ပြန်ထားသည်။

ကားမီးလောင်ကျွမ်းမှုသည် ကားအလယ် အတွင်းပိုင်းနှင့် ကားအောက်ပိုင်းတို့တွင် မီးတောက်လောင်နေခဲ့ရာမှတဆင့် ကားခေါင်မိုးအထက်တွင် ရှိနေသည့် ဓာတ်ကြိုးနှင့် သစ်ပင်များကိုပါ မီးစွဲလောင်နေသည်ကိုလည်း တွေ့ရသည်။

မီးလောင်ကျွမ်းနေသည့်ကား၏  ညာဘက်အခြမ်း မလှမ်းမကမ်းတွင် ပတ်ဝန်းကျင်မှကားများ ရပ်ထားသည်ကို တွေ့ရပြီး အနောက်ဘက်အခြမ်းတွင်  လူနေအိမ်များ ရှိနေသည်ကို တွေ့ရသည်။

အဆိုပါကား မီးစတင်လောင်သည့်အချိန်တွင် ယင်းအပေါ်ထပ် လူနေအိမ်မှ ဗီဒီယိုရုပ်သံရိုက်ကူးထားပြီး ကားမီးလောင်ကျွမ်းနေသည့် နေရာနှင့် အနီးဆုံးရှိနေသူများကလည်း ရေခွက်များဖြင့် ရေများပက်၍ မီးလောင်ကျွမ်းမှုကို အတတ်နိုင်ဆုံး တားဆီးနေကြသည်ကိုလည်း အဆိုပါဗီဒီယိုထဲတွင် မြင်တွေ့ရသည်။

“လျှပ်စစ်မငြိမ်ရင်လည်း ထပေါက်တတ်တယ် ။မီးမလာခင်ပလပ်ထိုးထားတယ်။ Safe Guard မခံဘူး မီးအားဆောင့်တက်လာရင် ဘက်ထရီပွင့်တတ်တယ်။ အိမ်မီးကသွင်းလို့ရပေမယ့် လိုအပ်တဲ့ပစ္စည်းတွေ ထပ်ဆင့်မတပ်ဆင်ရင် အန္တာရယ်ရှိပါတယ်။ မီတာသီးသန့်တပ်သင့်တယ် ။ကားအတွက် မီးအတက်ကျထိန်းရန် စတေဘယ်လိုက်ဇာတပ်သင့်တယ်။စျေးပေါတာတွေမသုံးသင့်ဘူး။အရည်သွေးမှီတာတွေ သုံးသင့်တယ်”ဟု ကားကျွမ်းကျင်သူတဦးက မှတ်ချက်ပြုပြောသည်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် လျှပ်စစ်ရထားနှင့် လျှပ်စစ်ကား အသုံးပြုမှုကို နိုင်ငံတော်စီမံကိန်းတရပ်အနေဖြင့် လုပ်ဆောင်နေခဲ့ပြီး လျှပ်စစ်ကား ကနဦးရှေ့ပြေးစီမံကိန်းကာလအဖြစ် ၂၀၂၃ ဇန်နဝါရီ ၁ရက်မှ ဒီဇင်ဘာ ၃၁ရက်အထိ သတ်မှတ်ထားကြောင်း ကိုလည်း ထုတ်ပြန်ထားခဲ့ပြီး လျှပ်စစ်ကားများတင်သွင်းရန် ကုမ္မဏီ ၂၆ခုကိုလည်း ခွင့်ပြုထားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံသို့ တင်သွင်းထားသည့် လျှပ်စစ်ကားများ၏  ဈေးနှုန်းများသည် ကျပ်သိန်း၆၀၀ကျော်မှ ၇၀၀အထိ ရှိနေသည်ဟုလည်း သိရသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required