ဆရာ၊ ဆရာမ တစ်သိန်းကျော် CDM လှုပ်ရှားမှုမှာ ဆက်လက်ပါဝင်နေ

By မဇ္ဈိမ 
06 October 2023
ဆရာ၊ ဆရာမ တစ်သိန်းကျော် CDM လှုပ်ရှားမှုမှာ ဆက်လက်ပါဝင်နေ

အာဏာသိမ်း နှစ်နှစ်ခွဲကျော်ကာလအတွင်း ပညာရေးကဏ္ဍက ဆရာ၊ ဆရာမ တစ်သိန်းသုံးသောင်းကျော်ဟာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ဆက်လက်ပါဝင်နေကြဆဲဖြစ်တယ်လို့သိရပါတယ်။
စစ်အာဏာရှင်စနစ်ဆိုးကို ခုခံရင်းကျရာကဏ္ဍမှ ပါဝင်နေတဲ့ CDM ဆရာ၊ ဆရာမများကို ကျေးဇူးတင် အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) က အောက်တိုဘာလ ၅ ရက်နေ့မှာကျရောက်တဲ့  ကမ္ဘာ့ဆရာများနေ့မှာ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

(၂၉)နှစ်မြောက် ကမ္ဘာ့ဆရာများနေ့ကို မြန်မာနိုင်မှာ  CDM ဆရာ၊ ဆရာများအနေဖြင့် စစ်အာဏာရှင်စနစ်ဆိုးကို ခုခံတော်လှန်ရင်း ဖြတ်ကျော်နေကြရကြောင်း ဖော်ပြထားပါတယ်။
အာဏာသိမ်းပြီး အစောပိုင်းကာလတွေမှာ ဆရာ၊ ဆရာမ နှစ်သိန်းကျော် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ တစ်သိန်းသုံးသောင်းကျော်ဟာ အခက်အခဲ တွေကြားက ဒီလှုပ်ရှားမှုမှာ ဆက်လက်ပါဝင် နေကြကြောင်း သိရပါတယ်။
အာဏာသိမ်းကာလအတွင်း စစ်အုပ်စုဟာ စစ်ဘက်အရပ်ဘက် ပစ်မှတ်ခွဲခြားမှုမရှိဘဲ စာသင်ကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ မီးရှို့ဖျက်ဆီးတာ၊ ဆရာ ဆရာမတွေကို ဖမ်းဆီးအရေးယူတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ သတ်ဖြတ်တာစတဲ့ လူမဆန်တဲ့လုပ်ရပ်တွေကို ကျူးလွန်နေတယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလကလည်း ကမ္ဘာ့ဆရာများနေ့ အခမ်းအနားမှာ ပြောဆိုပါတယ်။

နိုင်ငံတကာပညာရေး စောင့်ကြည့်ရေး အဖွဲ့(GCPEA)ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ်အတွင်း ပညာ ရေးကဏ္ဍ တိုက်ခိုက်ခံရတဲ့ထိပ်ဆုံး ၃ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံပါဝင်လာတယ်လို့ ပြီးခဲ့တဲ့ စက်တင် ဘာ ၉ ရက်နေ့မှာ အစီရင်ခံစာထုတ်ပြန်ထားပါတယ်။

NUG အစိုးရဟာ အာဏာသိမ်းကာလအတွင်း အခြေခံပညာရေးကဏ္ဍမှာ အွန်လိုင်းကျောင်း ၇၀ ကျော်နဲ့ မြေပြင်သင်ကြားရေးကျောင်း ၅၀၀၀ ကျော် ဖွင့်လှစ်ခဲ့တာပါ။
ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပညာရေးဝန်ကြီးဌာနရဲ့ မူဝါဒတွေကို အကောင်အထည်ဖော်နေတဲ့ အ ခြေခံပညာကဏ္ဍမှာ CDM ဆရာ၊ ဆရာမတစ်သိန်းကျော်ရှိပြီး လုပ်အားပေးစေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမတွေကိုလည်း ထပ်မံခန့်အပ်သွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

အခြေခံပညာရေးကဏ္ဍ အကောင်အထည်ဖော်ရာမှာ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးခြင်းဆိုင်ရာလုပ်ငန်းစဉ် (BECA) အတွက် နည်းပညာကုန်ကျစရိတ် မြန်မာငွေကျပ် ၁၇၆ သန်းကျော်ကို ဝန် ကြီးဌာနဘက်က ကျခံသုံးစွဲခဲ့တယ်လို့ ပြောပါတယ်။

အဆင့်မြင့်ပညာကဏ္ဍမှာလည်း ကြားကာလတက္ကသိုလ်ကောင်စီတွေ ဖွဲ့စည်းပြီး သင်ကြားရေးလုပ် ငန်းတွေ အဆက်မပြတ်စေဖို့ ဆက်လက်လုပ်ဆောင်ခဲ့တာတွေရှိသလို ဘာသာရပ်ဆိုင်ရာဘုတ်အဖွဲ့တွေဘက်ကလည်း သင်ကြားရေးနဲ့ သင်ရိုးညွှန်းတမ်းတွေကို ကြီးကြပ်ပြင်ဆင်တာတွေ လုပ်ဆောင်ပေးလျက်ရှိတယ်လို့ ဆိုပါတယ်။

ဆရာ၊ ဆရာမတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြမှုနဲ့ ကျောင်းသားတွေရဲ့ ပညာသင်ကြားမှု မရပ်တန့်စေရေး ကြိုးစားဆောင်ရွက်မှုများအတွက် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးထောင်ချခြင်း၊ ဆိုးရွာသော လူ့အခွင့်အရေးချိုးဖောက်ခံရခြင်း၊ လူသားဂုဏ်သိက္ခာကို စော်ကားခံရခြင်းတို့ကို နိုင်ငံ့ခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများနဲ့အတူ ရင်ဆိုင်ခံစားနေရတယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် နိုင်ငံတစ်ဝှမ်းရှိ CDM ဆရာ၊ ဆရာတွေဟာ အခက်အခဲ၊ အတားအဆီးများကို ကြံ့ကြံ့ခံကာ မပြီးဆုံးသေးတဲ့  ဒီလူထုနွေဦးတော်လှန်ရေးကြီးမှာ တတ်မြောက်ထားတဲ့ ပညာ၊ တတ်ကျွမ်းမှုတို့နဲ့အတူ ကျရာကဏ္ဍတွေမှာ ဆက်လက်ပါဝင်လျက်  ရှိကြောင်းဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly