မီဇိုရမ် လေဆိပ်တွင် မြန်မာအမျိုးသမီးတဦးထံမှ ရူပီး သိန်း ၃ ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေး ဖမ်းမိ

By ပါခွီး (မဇ္စျိမ)
05 October 2023
မီဇိုရမ် လေဆိပ်တွင် မြန်မာအမျိုးသမီးတဦးထံမှ ရူပီး သိန်း ၃ ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေး ဖမ်းမိ

အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ လဲန်းပွီလေဆိပ်တွင် မြန်မာ အမျိုးသမီးတဦးထံမှ ရူပီး သိန်း ၃,၁၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိကြောင်း မီဇိုရမ် ရဲတပ်ဖွဲ့က အောက်ဘာလ ၄ရက်နေ့တွင် ထုတ်ပြန်သည်။

မီဇိုရမ်ပြည်နယ်မှ နယူးဒေလီသို့ ထွက်ခွာမည့် အင်ဒီဂို လေကြောင်းလိုင်း ခရီးသည် တဦးဖြစ်သူ အသက် ၃၈ နှစ်အရွယ် မြန်မာနိုင်ငံသူ လားလ်းရမ်ထန်းငီး၏ ခရီးဆောင်အိတ်ကို လေဆိပ်ရဲက စစ်ဆေးစဥ် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခြင်း ဖြစ်သည်။

ဖမ်းဆီးရမိသော မက်သာအက်ဖက်တမင်း (Crystal Meth) မူးယစ်စိတ်ကြွဆေးဝါး မှာ ၁၀ ဒဿမ ၄ ကေဂျီ အလေးချိန်ရှိပြီး နိုင်ငံတကာဈေးကွက်တွင် ပေါက်ဈေး သိန်း ၃,၁၀၀ ရူပီး ကျော်တန်ဖိုးရှိကြောင်း မီဇိုရမ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါမူးယစ်ဆေးနှင့် ဖမ်းဆီးမိသူ အမျိုးသမီးကို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု အပါအဝင် ပုဒ်မအချို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

 စစ်ဆေးချက်အရ ၎င်းသည် ဒေလီမြို့တွင် နေထိုင်သူဖြစ်ပြီး Spa ဆိုင်တခုတွင် အလုပ်လုပ်ကိုင်သူဖြစ်ကာ မကြာသေးမှီက မြန်မာနိုင်ငံသို့ပြန်သွားပြီးနောက် အဆိုပါ မူးယစ်ဆေးဝါးများကို သယ်ဆောင်လားခြင်းဖြစ်ကြောင်းနှင့် ဆက်စပ်ပတ်သက်သူများကို ဆက်လက်စုံစမ်းနေကြောင်း မီဇိုရမ်ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

“အခုလိုမူးယစ်ဆေးဖမ်းတာနဲ့ပတ်သက်ပြီး စစ်ဘေးရှောင်တွေအပေါ်မှာ အကျိုး သက်ရောက်မှု မရှိနိုင်ပါဘူး ၊ ဒေသခံတွေက မူးယစ်ကိစ္စမှာ စစ်ရှောင်တွေ မပါဘူးဆို တာသိကြတယ် ၊ အခုလည်း ရဲစစ်ချက်အရ ကုန်သည်မှန်း သိသာပါတယ်” ဟု မီဇိုရမ်ပြည်နယ်ရောက် စစ်ဘေးရှောင် မြန်မာနိုင်ငံသားတဦးက မဇ္စျိမကို ပြောသည်။

ယခုဖမ်းဆီးရသည့် မူးယစ်ဆေးပမာဏသည် ယခုရက်ပိုင်းအတွင်း ဖမ်းဆီးရမိသည့်အနက် တကြိမ်တည်းနှင့် အများဆုံး ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း မက်သာအက်ဖတမင်း စိတ်ကြွဆေး သုံးကေဂျီခန့်ကို အိုက်ဇောလ်မြို့တွင် ဖမ်းဆီးရမိခဲ့သေးသည်။

နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပြည်နယ်အစိုးရရွေးကောက်ပွဲအတွက် လုံခြုံရေး တိုးမြှင့်ထားပြီး မီဇိုရမ်ပြည်နယ်တွင် မူးယစ်ဆေးကင်း စင်နိုင်ရေးအတွက် ပြည်သူလူထုနှင့်လူမှုရေး ၊ ဘာသာရေးအဖွဲ့အစည်းများမှ ဝိုင်းဝန်း ကူညီကြရန် မီဇိုရမ်ရဲက အသိပေးထားသည်။

စာတည်း။    ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly