AP သတင်းဌာနပူလစ်ဇာဆုချီးမြှင့်ခံခဲ့ရသည့် " ကျွန်လုပ်သားများထုတ်လုပ်သည့် ပင်လယ်စာ " အကြောင်းသတင်းဆောင်းပါးများစုစည်းဖော်ပြမှု (အပိုင်း - ၁)

AP သတင်းဌာနပူလစ်ဇာဆုချီးမြှင့်ခံခဲ့ရသည့် " ကျွန်လုပ်သားများထုတ်လုပ်သည့် ပင်လယ်စာ " အကြောင်းသတင်းဆောင်းပါးများစုစည်းဖော်ပြမှု (အပိုင်း - ၁)

မိတ်ဆက်

အရှေ့တောင်အာရှ ရေလုပ်ငန်းတွင် အလုပ်သမားများကို ၎င်းတို့၏ဆန္ဒနှင့် ဆန့်ကျင်ပြီး ရည်ရွယ်ချက်ရှိရှိ အင်အားသုံးမတရားခိုင်းစေနေမှုများတွင် ကျယ်နေခြင်းကိုဖော်ထုတ်နိုင်ရန်အတွက် AP သတင်းဌာနသည် စုံစမ်းထောက်လှမ်းရေးသားသည့် သတင်းသမားအဖွဲ့တစ်ဖွဲ့နှင့်အတူတစ်နှစ်ကျော်ခန့် သတင်းများထောက်လှမ်းရှာဖွေ စုဆောင်းခဲ့သည်။

AP သတင်းဌာန၏ ယင်းသတင်းသမားအဖွဲ့သည် ကျွန်လုပ်သားများဖမ်းဆီးပေးလိုက်သည့် ငါးများမှာ ကမ္ဘာတဝမ်း အဆင့်ဆင့်ပို့ဆောင်မှုများမှတဆင့် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတဝမ်းရှိဈေးများနှင့် ညစာဝိုင်းများသို့ ရောက်ရှိလျှက်ရှိကြောင်းခြေရာခံမိခဲ့သည်။

ထိုကဲ့သို့ စုံစမ်းထောက်လှမ်းဖော်ထုတ်တင်ပြနိုင်မှု၏ အကျိုးဆက်အဖြစ် ကျွန်လုပ်သား ၂၀၀၀ ကျော်လွတ်မြောက်ခဲ့ပြီး အစိုးရအဖွဲ့များနှင့် ကုမ္ပဏီကြီးများဘက်မှ ယင်းကိစ္စနှင့်ပတ်သတ်ပြီး အရေးယူဆောင်ရွက်မှုများ လည်းပေါ်ပေါက်ခဲ့သည်။

ထိုဖြစ်စဉ်ကိုဖော်ထုတ်တင်ပြနိုင်ခဲ့မှုအတွက် AP သတင်းဌာနမှာလည်း အများပြည်သူဝန်ဆောင်မှုဆိုင်ရာပူလစ်ဇာဆုနှင့် အခြားဆုများချီးမြှင့်ခံခဲ့ရသည်။
 ခိုကိုးရာမဲ့ ကျွန်လုပ်သားများ

စတင်ဖော်ပြခဲ့သည့် ရက်စွဲ - မတ်၊ ၂၅ ၊ ၂၀၁၅

မိမိတို့၏နေအိမ်မှာ မိုင်ပေါင်းများစွာဝေးကွာသော အပူပိုင်းဒေသကျွန်းငယ်လေးတစ်ခုပေါ်ရှိလှောင်ချိုင့်အတွင်းတွင် ချုပ်နှောင်ခံထားရသောကျွန်ပြုခံ မြန်မာလုပ်သားများသည် သံတိုင်များကိုဖြတ်ကာငေးမော လျှက်ရှိကြသည်။

ကိုက်အနည်းငယ်ခန့်အကွာတွင်မူအခြားလုပ်သားများသည် ကုန်သင်္ဘောများပေါ်သို့ ကုန်များထမ်းတင်လျှက်ရှိကြရာအဆိုပါကုန်များသည် ကျွန်လုပ်သားများဖမ်းမိထားသည့် ပင်လယ်စာများဖြစ်ပြီး အမေရိကန်ပြည်ထောင်စုရှိနာမည်ကျော် ဆူပါမားကတ်ကြီးများ၊ စားသောက်ဆိုင်ကြီးများနှင့် အိမ်မွေးတိရစ္ဆာန်စတိုးများဆီအထိကုန်ပစ္စည်းတင်ပို့မှု ကွန်ယက်များကို အရိပ်မည်းထိုးလျှက်ရှိသော ကုန်ပစ္စည်းများပင် ဖြစ်သည်။

အဖမ်းခံထားရသူများထဲမှ ၈ ဦးမှာမူလက်ရှိအခြေအနေမှလွတ်မြောက်အောင် ထွက်ပြေးတိမ်းရှောင်ရန် ကြိုးစားဝံ့လောက် သူများဟုယူဆဖွယ်ရာရှိသည်။၎င်းတို့သည် နောက်ထပ်ငါးဖမ်းလှေတစ်စီးနှင့် ပင်လယ်ထဲသို့ အတင်းစေလွှတ်မခံရမချင်းတစ်ကိုယ်ရေလဲလျောင်းသာရုံနေရာကျဉ်းကျဉ်းလေးထဲတွင် မဝရေစာ ထမင်းနှင့်ဟင်းတို့ဖြင့် နေ့စဉ်အသက်ဆက်ရလျှက် ရှိသည်။

'' ကျွန်တော် မခံနိုင်တော့ဘူး။ အိမ်ပြန်ချင်တယ်လို့ ကပ္ပတိန်ကိုပြောလိုက်မိတာနဲ့ပဲကမ်းလည်းပြန်ကပ်ရော ကျွန်တော်အချုပ်ခန်းထဲထည့်ပိတ်ခံရတော့တာပဲ '' ဟုကျော်နိုင်က အနီးဝန်းကျင်ရှိအစောင့် တစ်ဦးကြားသွားမည်ကိုထိတ်လန့်ဟန်ဖြင့် ခပ်တိုးတိုးပြောကြားသည်။  

ဤနေရာသည် ရေပတ်လည်ဝိုင်းလျှက်ရှိသည့် အင်ဒိုနီးရှားကျွန်းရွာတစ်ရွာဖြစ်သော ဘင်ဂျီနာရွာဖြစ်ပြီးရာနှင့်ချီသော အမျိုးသားများပိတ်မိသောင်တင်လျှက်ရှိသောနေရာလည်းဖြစ်သည်။ ထို့ပြင် ပင်လယ်စာလုပ်ငန်းနှင့် ပတ်သတ်ဆက်နွယ်လျှက်ရှိသောကုမ္ပဏီများ၊ နိုင်ငံများနှင့် ရှုပ်ထွေးစွာဆက်နွယ်လျှက်ရှိသော အဆိုးရွားအကြမ်းတမ်းဆုံးကွင်းဆက်လည်းဖြစ်သည်။

ဤရှုပ်ထွေးသောအချိတ်အဆက်များသည် ကျွန်တော်တို့စားနေသောငါးများနှင့် ထိုငါးများကိုဖမ်းဆီးပေးခဲ့သူများကိုသီးခြားစီဖြစ်နေအောင်ခွဲခြားထားပြီး ကျွန်တော်တို့စားနေသောပင်လယ်စာများသည် ကျွန်လုပ်သားများ၏ လုပ်အားမှထွက်ပေါ်လာလျှက်ရှိသည်ဟူသောရက်စက်လှသည့်အမှန်တရားကိုမမြင်သာအောင် လည်းဖုံးကွယ်ထားလျှက်ရှိသည်။

AP သတင်းဌာနကတွေ့ဆုံမေးမြန်းခဲ့သူအများစုမှာ မြန်မာများဖြစ်ပြီး၎င်းတို့သည် ထိုင်းနိုင်ငံမှတဆင့် အင်ဒိုနီးရှားသို့ ခေါ်ဆောင်ခံရကာငါဖမ်းလုပ်ငန်းတွင်လုပ်ကိုင်ရန် အင်အားသုံးခိုင်းစေခံရသူများဖြစ်သည်။

၎င်းတို့ဖမ်းဆီးပေးရသည့် ပင်လယ်သတ္တဝါများကိုမူ ထိုင်းနိုင်ငံသို့ပြန်လည်ပို့ဆောင်ပြီးထိုမှတဆင့် ကမ္ဘာ့ဈေးကွက်အတွင်းသို့ စီးပွားဖြစ်တင်ပို့ ရောင်းချလျှက်ရှိသည်။

ကျွန်လုပ်သားများ ၏ လုပ်အားမှထွက်ပေါ်လာသောငါးများသည် တစ်ဖက်လှည့်ဖြင့် အမေရိ၏ နာမည်ကျော် လက်လီအရောင်းဆိုင်ကြီးများ၊ ဖြန့်ချီရေးလုပ်ငန်းများ၊ စားသောက်ဆိုင်ကြီးများနှင့် တိရစ္ဆာန်အစာထုတ်လုပ်၊ရောင်းချ ရေးလုပ်ငန်းကြီးများဆီအထိပင်ရောက်ရှိလျှက်ရှိသည်။

AP သတင်းဌာနသည် တစ်နှစ်တာသတင်းစုံစမ်းထောက်လှမ်းမှုအတွင်းတွင် ဘင်ဂျီနာတွင် လက်ရှိလုပ်ကိုင်နေရဆဲ ကျွန်လုပ်သားများနှင့် ယခင်ကလုပ်ကိုင်ခဲ့ရသူပေါင်း ၄၀ ကျော်ကိုတွေ့ဆုံမေးမြန်းခဲ့သည်။

ထို့ပြင် ကျွန်လုပ်သားများဖမ်းဆီးပေးလိုက်သည့်ငါးများကိုတင်ဆောင်ထားသည့်သင်္ဘောတစ်စီးအင်ဒိုနီးရှားရွာမှ ထိုင်းဆိပ်ကမ်းသို့ ဆိုက်ကပ်သွားသည်ကို ဂြိုဟ်တုပုံရိပ်များမှ တဆင့်ခြေရာခံ မှတ်တမ်းတင်ခဲ့သည်။

ထို့နောက်တွင် အဆိုပါငါးများကိုဒါဇင်နှင့် ချီသောစက်ရုံများ၊ အအေးပေးခန်းစက်ရုံများနှင့် ထိုင်းနိုင်ငံ၏ အကြီးဆုံးငါးဈေးကြီးအတွင်းသို့ ပို့ဆောင်သောထရပ်ကားများနောက်သို့လည်း AP ၏ သတင်းထောက်များက ၄ ညကြာနောက်ယောက်ခံလိုက်ကာမှတ်တမ်းတင် ခဲ့သည်။

ထိုကဲ့သို့ ကျွန်လုပ်သားများ၏ လုပ်အားမှထွက်ပေါ်လာသောပင်လယ်စာများသည် ထိုင်းနိုင်ငံအတွင်းရှိပင်လယ်စာ ထုတ်လုပ်ရေးစက်ရုံများအပါအဝင် နေရာအသီးသီး၌ အခြားငါးများနှင့် ရောနှောသွားပြီး အမေရိကန်အကောက်ခွန်ဌာန၏ မှတ်တမ်းများအရထိုစက်ရုံများထဲမှ အချို့မှာအမေရိကသို့ ပင်လယ်စာများတင်ပို့လျှက်ရှိကြောင်းတွေ့ရှိရသည်။

ထိုစက်ရုံများသည် ဥရောပနှင့်အာရှသို့လည်းတင်ပို့ရောင်းချလျှက်ရှိသော်လည်း AP သတင်းဌာနအနေဖြင့် ကုန်သွယ်ရေးမှတ်တမ်းများကိုအများပြည်သူသို့ထုတ်ပြန်ပေးသည့် အမေရိကသို့တင်ပို့မှုများ ကိုသာခြေရာခံခဲ့သည်။

လက်ရှိအချိန်တွင် ကျွန်လုပ်သားများဖမ်းဆီးပေးလိုက်သည့် ငါးများမည်သည့်နေရာ၌အဆုံးသတ်သွားသည်ကိုပြောရန် မဖြစ်နိုင်သလောက်အနေအထားတွင်ရှိနေသည်။ သို့ရာတွင် ထိုပို့ဆောင်မှု ကွင်းဆက် အားလုံးမှာညစ်ထေးလျှက်ရှိပြီး ကျွန်လုပ်သားများမှတဆင့် အကျိုးအမြတ်ရလျှက်ရှိသောကုမ္ပဏီများမှနေ၍ ငွေများမှာနေရာအသီးသီးသို့ ပျံ့နှံ့ရောက် ရှိလျှက်ရှိနေသည်။

AP သတင်းဌာနကဆက်သွယ်မေးမြန်းခဲ့သောအဓိကကော်ပိုရေးရှင်းကြီးများကမေးမြန်းစဉ်တွင် တရားဝင်မှတ်ချက်ပေး ပြောကြားခြင်းမျိုးမရှိသော်လည်း အင်အားသုံးစေခိုင်းမှုများကို အပြင်းအထန်ရှုံ့ ချကြောင်းကြေညာချက်ထုတ်ခဲ့ပြီးလူအခွင့်အရေးအဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းအပါအဝင် အင်အားသုံးစေခိုင်းမှုများကိုတားဆီးရန် လိုအပ်သည့် အဆင့်များကိုဆောင်ရွက်သွားမည်ဟု ၎င်းတို့ အားလုံးကပြောကြားခဲ့သည်။

တစ်သီးပုဂ္ဂလပင်လယ်စာဖြန့်ချီရေးလုပ်ငန်းအချို့ကမူ ၎င်းတို့ထံတင်သွင်း လာသောပစ္စည်းများကို နောက်ကြောင်းရှင်းလင်းကြောင်းသေချာအောင် အတည်ပြုရန်မှာ ကုန်ကျစရိတ်ကြီးသလို အသေးစိတ် လုပ်ငန်းအဆင့်များလုပ်ဆောင် ရန်လိုအပ်လျှက်ရှိသည်ဟုမှတ်ချက်ပေးသည်။

AP သတင်းဌာနကတွေ့ဆုံမေးမြန်းခဲ့သော ကျွန်လုပ်သားများမှာမူ ၎င်းတို့ဖမ်းဆီးပေးလိုက်သည့် ငါးများမည်သည့် နေရာသို့ ရောက်သွားသည်ဆိုသည်ကိုစိုးစဉ်းမျှမသိကြချေ။ ၎င်းတို့သိသည်မှာ ထိုငါးများနှင့် ပင်လယ်သတ္တဝါများ မှာတန်ဖိုးအလွန်ကြီးသဖြင့် ၎င်းတို့အနေဖြင့် စားခွင့်မရှိဆိုသည့်အချက်သာဖြစ်သည်။

ငါးဖမ်းလှေများပေါ်တွင် မာလိန်မှူးများက ၎င်းတို့ကိုမသန့်ရှင်းသောရေများအတင်းသောက်ခိုင်းပြီးတစ်ရက်လျှင် နာရီ ၂၀ မှ ၂၂ နာရီအထိနားရက်မရှိလုပ်ခိုင်းလေ့ရှိသည်ဟု ၎င်းတို့ကပြောကြားသည်။

ထို့ပြင် အနားပေးရန် ခွင့်တောင်းပါကအရိုက်အနှက်၊အကန်အကျောက်ခံရပြီးအဆိပ်ရှိသည့် ငါးလက်ထုံများနှင့် ရိုက်နှက်ခြင်းလည်းခံရသည်ဟု ၎င်းတို့အားလုံးနီးပါးကပြောကြားသည်။ ၎င်းတို့အနေဖြင့် တန်ဖိုးကြီးငါးများ၊ ပင်လယ်သတ္တဝါများဖမ်းဆီးပေးနေရသော်လည်း ၎င်းတို့မှာအလွန်တရာနည်းပါးလှသောလုပ်ခသာရတတ်ပြီး လုံးဝလုပ်ခမရခြင်းမျိုးများလည်း ရှိနေသည်။

၎င်းတို့၏ငါးဖမ်းလှေများဆိပ်ကမ်းတွင် ဆိုက်ကပ်ထားချိန်တွင် အချို့ကျွန်လုပ်သားအချို့မှာသတင်းထောက်များထံအော်ဟစ်ပြီးအကူအညီတောင်းခံခဲ့သည်ကိုလည်းတွေ့ရသည်။

အဆိုးဆုံးမှာငါးဖမ်းလှေများပေါ်၌ပင် ခန္ဓာကိုယ်ချို့တဲ့သွားရသူများ၊ အသက်ဆုံးရှုံးသွားရသူများရှိနေခြင်းပင် ဖြစ်သည်။

'' တကယ်လို့ အမေရိကန်တွေနဲ့ ဥရောပသားတွေကဒီငါးတွေကိုစားတယ်ဆိုရင် သူတို့အနေနဲ့ ကျွန်တော်တို့ကိုသတိရသင့်ပါတယ် '' ဟုဘင်ဂျီနာကျွန်းမှထွက်ပြေးလာခဲ့သည့် အသက် ၃၀ အရွယ် လှိုင်မင်း က ပြောကြားသည်။

'' ပင်လယ်အောက်မှာအရိုးတွေတောင်လိုပုံနေမှာပါ။ လူတွေရဲ့အရိုးတွေက ကျွန်းတစ်ကျွန်းတောင် ဖြစ်လောက်ပါတယ်။ အဲဒီလောက်ကိုများပါတယ် '' မြန်မာကျွန်လုပ်သားများအတွက် မူဘင်ဂျီနာသည် ကမ္ဘာကြီး၏ အဆုံးသတ်ပင်ဖြစ်သည်။

တစ်နှစ်တာအတွင်း မုတ်သုံရာသီဝင်ရောက်ပြီးအာရာဖူရာပင်လယ်တွင် မိုးသည်းထန်နေသည့်လများတွင် ဘင်ဂျီနာကျွန်းသို့ လှေဖြင့်သွားရောက်၍မရချေ။ ထို့ပြင် အင်တာနက်လိုင်းလည်း ချိတ်ဆက်နိုင်ခြင်း မရှိဘဲအဆက်အသွယ်ပြတ်တောက် လျှက်ရှိသည်။ ပြီးခဲ့သည့်လက တာဝါတိုင်တစ်ခုမစိုက်ထူမီကဆိုလျှင် ရွာသားများသည် မက်ဆေ့ချ်တစ်စောင်ပို့နိုင်ရန် အတွက် အင်တာနက်လိုင်းမိမလားဟူသောမျှော်လင့်ချက်ဖြင့် အနီးဝန်းကျင်ရှိတောင်ကုန်းများပေါ်သို့ ညနေတိုင်းတက်လေ့ ရှိကြသည်။

ဘင်ဂျီနာကျွန်း၏ ဆိပ်ကမ်းငယ်လေးကိုပူဆာကာဘင်ဂျီနာလုပ်ငန်းက ချုပ်ကိုင်သိမ်းပိုက်ထားသည်။ ယင်းကုမ္ပဏီ၏ ငါးထပ်ရုံးအဆောက်အဦတွင် ကျွန်လုပ်သားများထည့်ထားသည့် လှောင်ချိုင့်များရှိနေသည်။

ယင်းကုမ္ပဏီသည် ဘင်ဂျီနာတွင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ရန် အင်ဒိုနီးရှား၌ တရားဝင်မှတ်ပုံတင်ထားသောကုမ္ပဏီဖြစ်ပြီးငါဖမ်းသင်္ဘော ၉၀ ကျော် ပိုင်ဆိုင်သည့် ကုမ္ပဏီအဖြစ်မှတ်တမ်းထားရသော ကုမ္ပဏီလည်းဖြစ်သည်။

သို့ရာတွင် ငါးဖမ်းသင်္ဘောများ၏ ကပ္ပတိန်များမှာထိုင်းလူမျိုးများဖြစ်ပြီးသင်္ဘောများမှာအမှန်တကယ်ထိုင်းလူမျိုးပိုင်သင်္ဘောများဟုတ်၊မဟုတ် အင်ဒိုနီးရှားအစိုးရက ပြန်လည်သုံးသပ်လျှက်ရှိသည်။

ပူဆာကာဘန်ဂျီနာကုမ္ပဏီသည် ဖုန်းဖြင့်ရော၊ စာဖြင့်ပါဆက်သွယ်မေးမြန်းမှု များကိုတုံ့ပြန်ခဲ့ခြင်းမရှိသလိုဂျကာတာရှိ၎င်း၏ရုံးတွင် ၂ နာရီကြာစောင့်ဆိုင်းခဲ့သည့် သတင်းထောက်ကိုလည်း လက်ခံတွေ့ဆုံ ခဲ့ခြင်းမရှိချေ။ ဘင်ဂျီနာကျွန်း၏ ကုန်တင်၊ကုန်ချဆိပ်ကမ်းတွင် ကျွန်လုပ်သားဟောင်းများမှာအစားအစာနှင့် မုန့်ဖိုး၊ပဲဖိုးရရန်အတွက် ကုန်ထမ်းလျှက်ရှိကြသည်။ ၎င်းတို့သည် ၅ နှစ်၊ ၁၀ နှစ်၊ ၁၅ နှစ်၊ တစ်ချို့မှာ အနှစ် ၂၀ ခန့် ကျွန်လုပ်သားအဖြစ် လုပ်ကိုင်ခဲ့ရပြီးသည့်နောက်တွင် ငါးဖမ်းသင်္ဘောကပ္ပတိန်များကစွန့်ပစ်လိုက်ကြသော်လည်း ကျွန်းပေါ်တွင် ဆက်လက် သောင်တင်နေသူများ ဖြစ်သည်။

ကျွန်းအတွင်းပိုင်းရှိတောနက်နက်ထဲတွင်မူထွက်ပြေးလွတ်မြောက်ရန်ကြိုးစားသည့် ကျွန်လုပ်သားများမှာအစားအစာ နှင့် သောက်သုံးရန်မိုးရေကိုရှာဖွေနေရလျှက်ရှိပြီးအခကြေးငွေယူပြီး ကျွန်လုပ်သားများကို ဖမ်းဆီးပေးသူများတွေ့သွားမည်ကိုလည်းအထိတ်ထိတ်အလန့်လန့် ဖြစ်ရလျှက်ရှိသည်။

ကမ်းခြေတွင်မူ ကျွန်လုပ်သားငါးဖမ်းသမားများ၏မြေပုံများရှိနေသောသင်္ချ ီုင်းတစ်ခုရှိနေပြီး ကျွန်လုပ်သားများမှာ ၎င်းတို့ကိုလိမ်ညာရောင်းချခံရစဉ်ကပေးထားသည့် ထိုင်းနာမည်အတုများနှင့်သာ မြုပ်နှံခံ ထားရကာ ၎င်းတို့ဖမ်းဆီးခံခဲ့ရမှုကို ထာဝရဖုံးကွယ်ခြင်းခံထားရသည်။

ထိုဒေသသည် အင်ဒိုနီးရှားနိုင်ငံပိုင်နက်ဖြစ်သော်လည်း ထိုင်းနိုင်ငံမှသင်္ဘောများအပါအဝင် တရားမဝင်ငါးဖမ်းသင်္ဘော အများအပြား၏ စားကျက်ဖြစ်လျှက်ရှိပြီးထွက်ပေါ်လာသော ကုန်သွယ်မှုများမှာ အမေရိကန်ပြည်ထောင်စုနှင့် အခြား နိုင်ငံများအထိရိုက်ခတ်လျှက်ရှိသည်။

ထိုင်းနိုင်ငံသည် အမေရိကန်ပြည်ထောင်စုသို့ ပင်လယ်စာအများဆုံးတင်ပို့လျှက်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီးအမေရိကသို့ နှစ်စဉ်တင်ပို့လျှက်ရှိသည့် ပင်လယ်စာ ၇ ဘီလျံဖိုး၏ ၂၀ ရာခိုင်နှုန်းကိုထိုင်းနိုင်ငံက တင်ပို့နေခြင်း ဖြစ်သည်။ ပြီးခဲ့သည့် နှစ်အတွင်းကအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကထိုင်းနိုင်ငံကိုလူမှောင်ခိုကူးမှုများကိုထိထိရောက်ရောက် နှိမ်နင်းရန် ပျက်ကွက်မှုဖြင့် မြောက်ကိုရီးယား၊ ဆီးရီးယား၊ အီရန်တို့နှင့် အဆင့်တူနာမည်ပျက်စာရင်းသွင်းခဲ့သော်လည်းထပ်ဆောင်းစီးပွားရေးပိတ်ဆို့မှုများချမှတ်ခဲ့ခြင်းမရှိချေ။

ထိုင်းနိုင်ငံအနေဖြင့် အဆိုပါပြဿနာများကိုဖြေရှင်းနေပြီဖြစ်ကြောင်း ထိုင်းအာဏာပိုင်များကပြောကြားထားပြီး ဥပဒေအသစ်ပြဌာန်းမှုများ၊ ပြင်ဆင်မှုများလည်း လုပ်ဆောင်ခဲ့သော်လည်း ဘင်ဂျီနာကျွန်းအရေးနှင့်ပတ်သတ်ပြီးမေးမြန်းသည့် အခါတွင်မူထိုကိစ္စမှာကိုင်တွယ်နေဆဲဖြစ်ကြောင်းပြောကြားသွားခဲ့သည်။

ထို့အတူထိုင်းအာဏာပိုင်များကတိုင်းပြည်အတွင်းဝင်ရောက်လာသော တရားမဝင်ရွှေ့ပြောင်းလုပ်သားများကိုမှတ်ပုံတင်မည့် အစီအမံအသစ် တစ်ခုဆောင်ရွက်သွားမည်ဟု ကတိပြုထားသော်လည်း ဆယ်စုနှစ်နှင့်ချီပြီး ကြာမြင့်နေသော တရားမဝင်ငါးဖမ်းလုပ်ငန်းတွင် လုပ်ကိုင်နေသောလုပ်သားများနှင့် လှေများမှာတိုင်းပြည်နှင့် ဝေးသည်ထက်ဝေးသွားလျှက်ရှိနေပြီး ပြည်ပနိုင်ငံများ၏ရေပိုင်နက်များထဲသို့ ပိုမိုရောက်ရှိသွားလျှက်ရှိနေသည်။

အင်ဒိုနီးရှားအစိုးရကမူ နိုင်ငံရေပိုင်နက်အတွင်း တရားမဝင်ဝင်ရောက်ပြီး ပင်လယ်သတ္တဝါများဖမ်းဆီးကာ ဒေါ်လာဘီလျံနှင့် ချီအကျိုးအမြတ်ရယူနေသော ပြည်ပတရားမဝင်ငါးဖမ်းသင်္ဘောများကို တားဆီးရန်ရည်ရွယ်၍ ငါးဖမ်းဆီးမှုများကိုယာယီတားမြစ်သွားရန် ပြောကြားထားသည်။ ရလဒ်အနေဖြင့် ငါးဖမ်းသင်္ဘော ၅၀ ကျော်မှာဘင်ဂျီနာကျွန်းတွင် ဆိုက်ကပ်ထားရပြီး ကျွန်လုပ်သား ၁၀၀၀ ကျော်မှာ လည်းယင်းကျွန်းတွင် သောင်တင်နေကာရှေ့ဆက်ဘာဖြစ်မည်မှန်းမသိပါဘဲစောင့်ဆိုင်းရလျှက်ရှိသည်။
 ( ဆက်လက်ဖော်ပြသွားပါမည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly