EU-ASEAN လူ့အခွင့်အရေးဆွေးနွေးပွဲ စစ်ကောင်စီကိုဖိတ်ကြားမှု ကန့်ကွက်ခံရ

By မဇ္ဈိမ 
04 October 2023
EU-ASEAN လူ့အခွင့်အရေးဆွေးနွေးပွဲ စစ်ကောင်စီကိုဖိတ်ကြားမှု ကန့်ကွက်ခံရ

ဥရောပသမဂ္ဂ (EU) နဲ့ အာဆီယံနိုင်ငံတွေကြား ကျင်းပတဲ့ လူ့အခွင့်အရေးဆွေးနွေးပွဲမှာ စစ်ကောင်စီကိုယ်စားလှယ်ကို ဖိတ်ကြားထားတဲ့အတွက် ကန့်ကွက်မှုတွေ ထွက်ပေါ်နေပါတယ်။
အောက်တိုဘာ ၃ ရက်မှာ စတင်ကျင်းပတဲ့ ဥရောပသမဂ္ဂ- အာဆီယံ အရပ်ဘက် လူမှုအဖွဲ့အစည်းများဖိုရမ်ဆွေးနွေးပွဲမှာ အကြမ်းဖက်စစ်အုပ်စုကို ပါဝင်တက်ရောက်ခွင့်ပေးတဲ့ အပေါ်  ကန့်ကွက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီး ဌာနက သဘောထားထုတ်ပြန်ထားပြီး HRW လူ့အခွင့်အရေးအဖွဲ့အပါအဝင် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကလည်း ဝေဖန်ကန့်ကွက်နေကြပါတယ်။
ဒီဖိုရမ်ဆွေးနွေးကိုတော့ ဥရောပသမဂ္ဂ(အီးယူ)နဲ့ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်တို့ရဲ့ ပူးပေါင်းစီစဉ်မှုနဲ့ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ “Advancing Human Rights: Creating an Enabling Environment for CSOs at the Regional Level” ခေါင်းစဉ်နဲ့ ကျင်းပတာဖြစ်ပါတယ်။
ဒီဖိုရမ်ကို တရားမဝင် အကြမ်းဖက်စစ်အုပ်စုကိုယ်စားလှယ်တွေကို ဖိတ်ကြားထားကြောင်း ကြားသိရတဲ့အတွက် အလွန်ပင်စိုးရိမ်ပူပန်မိကြောင်းလည်း NUG ရဲ့ အောက်တိုဘာ ၂ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဆိုပါဖိုရမ်ဟာ NUG အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ ဥရောပသမဂ္ဂ လူ့အခွင့် အရေးဆိုင်ရာ အထူးကိုယ်စားလှယ်အပါအဝင် ဥရောပသမဂ္ဂက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ခရီးစဉ်အပြီး ရက်ပိုင်းအတွင်း ကျင်းပတဲ့ ဖိုရမ်ဖြစ်ပါတယ်။
EU အာဆီယံ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေရဲ့ ဆွေးနွေးပွဲမှာ စစ်ကောင်စီကို ဖိတ်ကြားတာဟာ အသိအမှတ်ပြု လက်ခံရာရောက်နိုင်တယ်လို့ အာဆီယံ လူ့အခွင့်အရေး လွှတ်တော်အမတ်များအဖွဲ့ (APHR) ဒုဥက္ကဋ္ဌ မလေးရှားလွှတ်တော်အမတ် Charles Santiago က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောထားတာပါ။
စစ်ကောင်စီကို ဖိတ်ကြားချက် ပြန်လည်ရုပ်သိမ်းပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အသိအမှတ်ပြုလက်ခံဖို့လည်း တိုက်တွန်းထားပါတယ်။ 
မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ အဓိကတာဝန်ရှိတဲ့ မြန်မာစစ်ကောင်စီကို ဖိတ်ကြားမှုဟာ မြန်မာလူ့အခွင့်အရေးတိုးတက်လာဖို့ အီးယူ-ဥရောပသမဂ္ဂနဲ့ အာဆီယံကကြိုးပမ်းမှုတွေကို ထိခိုက်စေတယ်လို့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 
မြန်မာစစ်ကောင်စီကိုယ်စားလှယ်တွေကို အာဆီယံ အရေးကြီးအစည်းအဝေးတွေမှာ ပါဝင်ခွင့်မပေးသလို လူ့အခွင့်အရေးချိုးဖောက်တဲ့ မြန်မာစစ်ခေါင်းဆောင်တွေကိုလည်း အီးယူက ပစ်မှတ်ထားအရေးယူဒဏ်ခတ်ထားတာကြောင့် အခုလို ဖိတ်ကြားမှုဟာ အီးယူနဲ့ အာဆီယံရဲ့ မြန်မာစစ်ကောင်စီနဲ့ပတ်သက်လို့ ထားတဲ့မူဝါဒတွေနဲ့လည်း သွေဖြည်နေတယ်လို့ ထောက်ပြထားပါတယ်။
ဥရောပသမဂ္ဂ (အီးယူ)နဲ့ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်တို့အနေနဲ့ စစ်မှန်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲတရပ်ကို ပြုလုပ်ရာမှာ မြန်မာပြည်သူလူထုရဲ့ တရားဝင် ကိုယ်စားလှယ်တွေနဲ့သာ ကျင်းပဖို့  NUG အစိုးရအနေနဲ့ တိုက်တွန်းထားပါတယ်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly