ကုလအနေနဲ့ မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းဖို့  ပျက်ကွက်နေတယ်လို့ SAC-M ဝေဖန်

By မဇ္ဈိမ 
04 October 2023
ကုလအနေနဲ့ မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းဖို့  ပျက်ကွက်နေတယ်လို့ SAC-M ဝေဖန်

မြန်မာနိုင်ငံနဲ့မြန်မာပြည်သူတွေအရေးမှာ ကုလသမဂ္ဂအနေနဲ့ အရေးယူကိုင်တွယ်ဖြေရှင်းရမဲ့ တာဝန်ဝတ္တရားတွေ ပျက်ကွက်နေတယ်လို့ ကုလအရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံအတွက် အထူးအကြံပေးကောင်စီ(SAC-M) က အောက်တိုဘာလ၃ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ 
ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ၊ အစိုးရတွေရဲ့ ဆွေးနွေးဖြေရှင်းမှုတွေမှာ လက်တွေ့အရေးယူ ဆောင်ရွက်တာတွေ မရှိသလို၊ မြန်မာနိုင်ငံက ကုလသမဂ္ဂရုံးဟာလည်း စစ်အာဏာပိုင်တွေ ကျေနပ်အောင်လုပ်နေတဲ့ မအောင်မြင်တဲ့ ချဉ်းကပ်မှုတွေကို ထပ်လုပ်နေတယ်လို့လည်း “မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂက ဘယ်နည်းဘယ်ပုံ ပျက်ကွက်နေသလဲ” လို့ အမည်ပေးထားတဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ကလည်း ကုလရဲ့ အကြီးအကဲ တစ်ဦးအနေနဲ့ မြန်မာပြည်သူတွေအတွက် သူ့ရဲ့ တာဝန်ရှိမှုကို ဥပေက္ခာပြုထားတယ်လို့ SAC-M က ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းတဲ့နေ့မှာ ကုလအတွင်းရေးမှူးချုပ်က မြန်မာပြည်သူတွေဘက်က အခိုင်အမာ ရပ်တည်ကြောင်း ထုတ်ပြန်ခဲ့ပေမယ့် ဒီကတိကဝတ်ကို မတည်သေးဘူးလို့ SAC-M ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က အရပ်သား အစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားတွေအပေါ် စစ်တပ်ရဲ့ ရက်စက်တဲ့ လုပ်ရပ်တွေကြောင့် လူပေါင်း ၂ သန်းလောက် ပြည်တွင်းမှာ ဒုက္ခသည်အဖြစ် နေထိုင်နေကြရသလို၊ သန်း ၂၀ လောက် ဟာလည်း စာနာမှု အကူအညီတွေ လိုအပ်နေချိန်မှာ ကုလသမဂ္ဂရဲ့ ကြိုးပမ်းမှုတွေဟာ အရာမထင်ဘူးလို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်ဟောင်းတွေ ပါဝင်တဲ့ SAC-M အဖွဲ့က ထောက်ပြထားပါတယ်။
စစ်ကောင်စီအပေါ် စစ်လက်နက်ရောင်းချမှုပိတ်ပင်ဖို့၊ ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့ အရေးယူမှုနဲ့ မြန်မာ့အရေးကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ကို လွှဲပြောင်းဖို့အပါအဝင် စစ်ကောင်စီလိုက်နာရမယ့် ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ အရ အရေးယူဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူတွေဘက်ကရပ်တည်ပြီး မြန်မာနိုင်ငံမှာ ကုလရဲ့ ရှုံးနိမ့်မှု သံသရာကို အဆုံးသတ်ရမယ်လို့ ဆိုပါတယ်။
အခြားတစ်ဖက်မှာလည်း ကုလသမဂ္ဂလက်အောက်ခံ အေဂျင်စီတွေဟာ စစ်ကောင်စီနဲ့ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။
အခုလို အာဏာသိမ်းစစ်တပ်ကို တရားဝင်အစိုးရအဖြစ် ဆက်ဆံနေခြင်းမှာလည်း ကုလပဋိညာဉ်နဲ့ ဆန့်ကျင်နေတယ်လို့  SAC-M က ထောက်ပြထားပါတယ်။
SAC-M ကို မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ်ဟောင်း မစ္စရန်ဟီးလီ၊ မြန်မာနိုင်ငံ ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM ) ဥက္ကဋ္ဌဟောင်း မာဇူကီဒါရုစမန်၊ IIMM အဖွဲ့ဝင်ဟောင်း ခရစ္စဆီဒေါ့တီ တို့နဲ့ ဖွဲ့စည်းထားတာပါ။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်ကတော့ မြန်မာနိုင်ငံတွင်း နိုင်ငံရေးအခြေအနေ ပိုဆိုးလာပြီး ငတ်မွတ်ခေါင်းပါးမှု ပိုတိုးလာတယ်လို့ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပတဲ့ ၇၈ ကြိမ်မြောက်ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း စက်တင်ဘာ ၁၉ ရက်နေ့က ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ ကြိုးပမ်းမှုတွေဟာ အောင်မြင်မှုမရှိတာကြောင့် ပုံစံသစ်နဲ့ ချဉ်းကပ်ဖို့လည်း အခုအစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly