KNDF နှင့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ နီးပါး သေဆုံး

By ဂျူချန်း(မဇ္ဈိမ)
04 October 2023
KNDF နှင့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ နီးပါး သေဆုံး
ပုံအညွှန်း- ကရင်နီတွင်စက်တင်ဘာလ တလအတွင်း သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ (KNDF)

ကရင်နီပြည်အတွင်း KNDF ပူးပေါင်းတပ်နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေရာ စက်တင်ဘာလအတွင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၈ ဦး သေဆုံးခဲ့ကြောင်း KNDF က ထုတ်ပြန်သည်။

ထို့ပြင် လက်နက်ခဲယမ်းများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ပြီး တိုက်ပွဲအတွင်း KNDF မှ ရဲဘော် ရှစ်ဦး ကျဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က အောက်တိုဘာလ ၃ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်သည်။

ကရင်နီဒေသတွင် စက်တင်ဘာလအတွင်း တိုက်ပွဲ ၂၉ ကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ််ဘက်က ထိခိုက်သေဆုံးသူ များပြားသည့်အပြင်  စစ်သုံ့ပန်း ငါးဦးကိုလည်း အရှင်ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း KNDF က ဆိုသည်။

ယင်းအပြင် စစ်ကောင်စီ၏ ကား နှစ်စီးကို မီးရှို့ဖျက်စီးနိုင်ခဲ့ကြောင်းလည်း ပြောသည်။

စစ်ကောင်စီတပ်ထံမှ လက်နက်ငယ် ၃၆ လက်၊ လက်နက်ကြီးငါးလက်နှင့် ခဲယမ်းမျိုးစုံကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ သိမ်းဆည်းရမိခဲ့ကြောင်း KNDF က ပုံနှင့်တကွ ထုတ်ပြန်ထားသည်။

KNDF ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ ပြောဆိုလာခြင်း မရှိသေးပေ။

ဩဂုတ်လ ၂ ရက်နေ့မှ စတင်ကာ စက်တင်ဘာလအထိ စစ်ကောင်စီ၏ ထောက်ပို့ယာဉ်တန်း အစီးရေ ၆၀ ထက်မနည်း လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့် ဘော်လခဲ- မယ်စဲ့ လမ်းအတိုင်း ထိုးဖောက်ဝင်ရောက်နေသည်။

ဖရူဆို- ဘောလခဲ ပြည်ထောင်စုလမ်းပိုင်းကို ထိန်းချုပ်ရန် ကြိုးစားနေသည့် စစ်ကောင်စီ၏ ရှေ့တန်းစခန်းများသို့ ရိက္ခာပို့မည့် အဆိုပါ ယာဉ်တန်းသည် KNDF ပူးပေါင်းတပ်များ၏ ကြားဖြတ် တိုက်ခိုက်မှုကြောင့် ရှေ့ဆက်သွားမရဘဲ ဖရူဆိုမြို့နယ် အမှတ်(၁၄) စစ်လေ့ကျင့်ရေးကျောင်းတွင် လက်ရှိ ရပ်နားထားရကြောင်း KNDF ဘက်က ပြောသည်။

အဆိုပါ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘော်လခဲ-ဖားဆောင်း-မယ်စဲ့ လမ်းပိုင်းသည် ပုံမှန်အခြေအနေတွင် ကားဖြင့် လေးနာရီခန့်သာ သွားရသည့် ခရီးဖြစ်သော်လည်း စစ်ကောင်စီတပ်၏ ရိက္ခာယာဉ်တန်းများသည် လနှင့်ချီပြီး ခရီးနှင်နေရသည်။

“တိုက်ပွဲက နေတိုင်းလိုလိုဖြစ်ပါတယ်၊ ထိခိုက်မှုက နှစ်ဖက်စလုံးရှိပါတယ်၊ ဒါပေမဲ့ စကစဘက် ပိုထိနာတယ်၊ ဘာဖြစ်လို့ဆိုတော့ ကျွန်တော်တို့က ခံစစ်ဖြစ်နေလို့  ထိုးစစ်နဲ့ ခံစစ်မှာ ထိုးစစ်ပိုထိနာတယ်” ဟု ဒီးမော့ဆို PDF တွဲဖက်ပြန်ကြားရေး တာဝန်ခံက မဇ္ဈိမကို ပြောသည်။

ကရင်နီပြည်တွင် စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၂၀ ကြိမ် ပြုလုပ်ခဲ့ပြီး ထိုတိုက်ခိုက်မှုအတွင်း ပြည်သူ ခုနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ခရစ်ယာန် ဘုရားကျောင်းတကျောင်း၊ ကျန်းမာရေးအဆောက်အဦး တလုံးနှင့် နေအိမ်တလုံး ပျက်ဆီးခဲ့ကြောင်း KNDF က ဆိုသည်။

ထို့ပြင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူတဦးနှင့် မြေမြှုပ်မိုင်းကြောင့် ပြည်သူတဦး စုစုပေါင်းနှစ်ဦး သေဆုံးခဲ့ရကြောင်းလည်း ပြောသည်။

ယင်းအပြင် လက်ရှိမှာ စစ်ကောင်စီသည် ၎င်းတို့ လက်လွှတ်ခဲ့ရသည့် ထိုင်း- မြန်မာ နယ်စပ်က မယ်စဲ့မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် အပြင်းအထန် ကြိုးပမ်းနေကြောင်းလည်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

စာတည်း။    ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly