ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း နှစ်နှစ်ပြည့် အောက်မေ့ဖွယ် ကျင်းပ

ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း နှစ်နှစ်ပြည့် အောက်မေ့ဖွယ် ကျင်းပ
ဓာတ်ပုံ - အောင်ကိုဦး

မန္တလေး ၊ဧပြီ ၂၁ ။               ။ မန္တလေးမြို့၊ အမရပူရမြို့နယ်၊ တောင်လေးလုံးကျောင်းတိုက်ရှိ၊ သူဌေးဘုရားရင်ပြင်တွင် ဧပြီလ ၂၁ ရက် နံနက် ၉ နာရီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် စာရေးဆရာ၊ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၂ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို မန္တလေးမြို့ရှိ ကဗျာဆရာ၊စာရေးဆရာများနှင့် နိုင်ငံရေးသမားများက ဦးဆောင်၍ ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ဆရာ ကိုလေး(အင်းဝဂုဏ်ရည်)၊မောင်သစ်လွင်(လူထု)၊ဦးသိန်းတန်၊ဦးထွန်းဝေ တို့က စာရေးဆရာ၊သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်တင် အကြောင်း အောက်မေ့ တမ်းတဖွယ်ရာများကို ဟောပြောခဲ့ကြသည်။

အခမ်းအနားသို့ ကဗျာဆရာများ၊စာရေဆရာများ၊သတင်းစာဆရာများနှင့်နိုင်ငံရေးသမားများတက်ရောက်ခဲ့ကြသည်။

ဆရာ ကိုလေး(အင်းဝဂုဏ်ရည်) မှ "ဦးဝင်းတင် သက်ရှိထင်ရှားရှိနေရင်လည်း အစိုးရကိုပြောနေဦးမှာပဲ။ရန်ဖက်ပဋိပက္ခနဲ့မိတ်ဖက်ပဋိပက္ခ ဆိုပြီး အဓိကနှစ်ခုရှိတာကို စစ်အစိုးရကို နည်းနည်းလေးမှ မယုံဘူးဆိုတာက ရန်ဖက်ပဋိပက္ခပဲ။အခုအစိုရကိုတော့ မိတ်ဖက်ပဋိပက္ခဖြေရှင်းနည်းနဲ့ပြောနေမှာပဲ။သူ့အကြောင်းကတော့ ပြောမကုန်ပါဘူး။"ဟုပြောသည်။

အခမ်းအနားသို့တက်ရောက်လာသော စာရေးဆရာ ညီစေမင်း ကလည်း "ဒီနေ့ခေတ်လူငယ်တွေကိုပြောချင်တယ်။ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ လက်မမြောက် ဒူးမထောက်စိတ်နဲ့ သစ္စာတရားကို ဦးထိပ်ထားတဲ့စိတ်ကို အတုယူကြပါ။"ဟု ပြောသည်။

သတင်းစာ၊စာရေးဆရာကြီး ဟံသာဝတီဦးဝင်းတင်ကို ပဲခူးတိုင်း၊ကြိုးပင်ကောက်မြို့၌ အဖ ဦးပု၊အမိ ဒေါ်အမာတို့မှ ၁၉၃၀ ပြည့်နှစ်၊မတ်လ ၁၂ ရက်တွင်မွေးဖွားခဲ့ပြီး မွေးချင်း ၃ ယောက်အနက် အကြီးဆုံးသားဖြစ်သည်။

၎င်းသည် ၁၉၅၃ ခုနှစ်တွင် ရန်ကုန်တက္က္တသိုလ်မှ အင်္ဂလိပ်စာပေ၊ခေတ်သစ်ရာဇဝင်နှင့်နိုင်ငံရေးသိပ္ပံဘာသာတွဲဖြင့် ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။

ဟံသာဝတီဦးဝင်းတင်သည် မောင်ဝန်းဇင်း၊ပေါ်သစ်၊ပြည်စိုး၊ဝင်းတင်၊ပုည၊ဝင်းဆွေ၊သုတေသီ၊အယ် ဒီတာတစ်ဦး စသည့်ကလောင်ခွဲ အမျိုးမျိုးဖြင့် ကဗျာ၊ဝတ္ထု၊ဆောင်းပါးများရေးသားခဲ့ပြီး အကျိုးဆောင် ဂျာနယ်တွင် လက်ထောက်အယ်ဒီတာအဖြစ် ပထမဆုံးလုပ်ကိုင်ခဲ့သည်။ AFP သတင်းဌာနတွင် ညပိုင်းအယ်ဒီတာ၊စာပေဗိမ္မာန်၌ လက်ထောက်အယ်ဒီတာအဖြစ်လုပ်ကိုင်ခဲ့သည်။ထို့အပြင် ဂန္ထဝင် ဂျာနယ် ၊ဒို့ပြည် သတင်း သတင်းစာ၊ ကြေးမုံသတင်းစာ၊ ပြည်သူ့အိုးဝေ၊ ဟံသာဝတီ သတင်းစာ၊ ဒီလှိုင်းဂျာနယ်တို့တွင် အမှုဆောင်အယ်ဒီတာ၊အယ်ဒီတာချုပ်အဖြစ် လုပ်ဆောင်ခဲ့သည်။

ဟံသာဝတီဦးဝင်းတင်သည် ဥရောပနှင့်အရှေ့အာရှနိုင်ငံပေါင်း ၂၀ ခန့်သို့ သတင်းစာဆရာတစ်ယောက်အဖြစ်လေ့လာရေးခရီးသွားရောက်ခဲ့သည်။ထိုခရီးစဉ်အတွင်း ရောက်ရာအရပ်မှနေ၍ သတင်းများရေးသားပြီး မြန်မာပြည်သို့ပို့ခဲ့သည်။

ဦးဝင်းတင်သည် စာပေ၊ ပန်းချီ၊ သဘင်၊ ဂီတ စသည် တို့နှင့် ပတ်သက်၍ ဆောင်းပါး၊ စာတမ်းနှင့် ဝေဖန် အကဲဖြတ် ချက်များကို 'ပေါ်သစ်' အမည်ဖြင့်၎င်း ဘာသာပြန်စာအုပ်များအဖြစ် ကွိ၊ 'ဥတ္တရ အလင်း' စသည့်တို့ကိုရေးသားထုတ်ဝေခဲ့သည်။

ထို့အပြင် ကွန်မြူနစ်နိုင်ငံများသို့ ခရီးသွားမှတ်တမ်းကိုလည်း "ကမ္ဘာနီတွင် တဒင်္ဂ" အမည်ဖြင့် ရေးသားခဲ့သည်။ ပန်းချီ အကြောင်း များကိုလည်း "အလှ ရှာပုံတော်"အမည်ဖြင့်ထုတ်ဝေခဲ့သည်။ထို့အပြင် "ခြေတွင် စကား လက်ဖျားကဗျာ၊မျက်နှာဇာတ်လမ်း" စသည့်ဖြင့် စာအုပ်များစွာထုတ်ဝေခဲ့ပြီး ၂၀၁၄ခုနှစ် ဧပြီလ ၂၁ ရက်၊နံနက် ၆ နာရီ ၃၀ မိနစ်တွင် ကွယ်လွန်ခဲ့သည်။ကွယ်လွန်ချိန်တွင် အသက် ၈၅ နှစ်ရှိပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly