မက္ကဆီကိုတွင် ရေနံစက်ရုံ ပေါက်ကွဲမီးလောင်မှုဖြစ်

မက္ကဆီကိုတွင် ရေနံစက်ရုံ ပေါက်ကွဲမီးလောင်မှုဖြစ်

မက္ကဆီကိုစီးတီး၊ ဧပြီ ၂၁ ။               ။ မက္ကဆီကိုနိုင်ငံ အရှေ့တောင်ပိုင်းရှိ ဗာရာခရုဇ်ပြည်နယ်ရှိ ရေနံစက်ရုံတွင် အကြီးစားပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွား၍ အနည်းဆုံး လူသုံးဦး သေဆုံးကာ ဒဏ်ရာရသူပေါင်း ၁၀၅ ဦးရှိသည်။

ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သည့် ကို့ဇာကိုယာကို့စ်မြို့တွင်းရှိ နိုင်ငံပိုင် Pemex ရေနံကုမ္ပဏီ၏ စက်ရုံတွင် ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်သည်။

ပေါက်ကွဲမှုကြောင့် လူရာပေါင်းများစွာကို နေရာရွှေ့ပြောင်းပေးခဲ့ပြီး ကျောင်းများကိုလည်း ပိတ်ခဲ့ရသည်။ ဗီဒီယိုမြင်ကွင်းတွင် မီးညွန့်များ တက်နေပုံနှင့် မီးခိုးလုံးများ လွင့်တက်နေပုံတို့ကို မြင်တွေ့ရသည်။

ပေါက်ကွဲမှုမှာ ဒေသစံတော်ချိန် ညနေ ၃ နာရီ ၁၅ မိနစ်တွင် ဖြစ်ပွားခြင်းဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်သည်။ စက်ရုံပေါက်ကွဲမှုအရှိန်ကို ခြောက်မိုင်အကွာကပင် တုန်ခါမှု ခံစားရကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူးက ရေဒီယိုကတစ်ဆင့် ပြောကြားသည်။

မီးကို ငြိမ်းသတ်နိုင်ခဲ့ကြောင်း ကုမ္ပဏီက ပြောပြီး လူများအနေဖြင့် အိမ်တွင်းမှာပင် နေထိုင်သင့်ကြောင်း၊ အဆိပ်ဖြစ်နိုင်သည့် မီးခိုးများ လွင့်တက်နေ၍ဖြစ်ကြောင်း ကြေညာထားသည်။

ဒဏ်ရာရသူ ၁၀၅ ဦးတွင် ၅၈ ဦးမှာ စက်ရုံမှ အလုပ်သမားများဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly