ရေစကြိုတွင် စစ်ကောင်စီစစ်သင်္ဘောကပစ်ခတ်မှုကြောင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ တရားသူကြီး သေဆုံး

By ဓါတု(မဇ္ဈိမ)
01 October 2023
ရေစကြိုတွင် စစ်ကောင်စီစစ်သင်္ဘောကပစ်ခတ်မှုကြောင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ တရားသူကြီး သေဆုံး
ဓါတ်ပုံ- သြဂုတ်လအတွင်းက ချင်းတွင်းမြစ်မှ ဆန်တက်လာသည့်စစ်သင်္ဘောများ

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသရှိ ချင်းယားကျေးရွာသို့ စစ်ကောင်စီတပ်မှ စစ်သင်္ဘောက လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့်  ရေစကြိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့(ပလဖ)မှ တရားသူကြီးတဦးသေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။

အောက်တိုဘာလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်အကြားတွင် စစ်သင်္ဘော က လက်နက်ကြီးဖြင့် ရှစ်ချက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ချင်းယားကျေရွာမှဒေသခံတဦးက မဇ္စျိမကိုပြော သည်။

“နှစ်ဘက်တိုက်ပွဲလည်း မရှိဘူး။ သူတို့(စကစ)ဘက်က စစ်ကြောင်းထိုးတာလည်းမရှိဘဲနဲ့ သင်္ဘော အတက်၊ အဆင်းလုပ်တိုင်း ရွာဘက်တွေကို အကြောင်းမဲ့ပစ်တာ ခဏခဏပဲ။ အခုက ရွာထဲကို ဆက် တိုက်ပစ်လို့ ပြေးလွှားကြရင်း လက်နက်ကြီးမှန်တာ” ဟု ဆိုသည်။

လက်နက်ကြီးထိမှန်ပြီးသေဆုံးသွားသည့် တရားသူကြီးဦးသုခသည် ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)တွင် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး စစ်အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှု (CDM)တရားသူကြီးတဦးဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

သြဂုတ်လ ၃၁ ရက်နေ့ကလည်း ရေလယ်ကျွန်းရွာများဖြစ်သော ချင်းယား၊ ညောင်ပင်၊ ဝါဘိုးရွာများဘက် သို့  ဧရာဝတီမြစ်မှချင်းတွင်းမြစ်သို့ ဆန်တက်လာသည့် စစ်ကောင်စီတပ်၏ ထောက်ပို့စစ်သင်္ဘောမှ လက် နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ နွားစာရိတ်နေသည့် အမျိူးသမီးတဦး ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် မေလ  ၂၆ ရက်နေ့ကလည်းစစ် ကောင်စီတပ်က ရေလယ်ကျွန်းရှိ ကျေးရွာများအားပိတ်ဆို့၍ အိမ် များကို မီးရှို့ခဲ့ရာ ဒေသခံခြောက်ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် တနှစ်သားကလေးငယ် တဦး သေဆုံးခဲ့သည်။

ရေလယ်ကျွန်းဒေသတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၅၀ မှ နယ်မြေစိုးမိုးထား၍ စစ်ကောင်စီတပ် က ပြည်သူများအားအငြိုးထားကာ လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်နေကြောင်း ဒေသခံများက ဆို သည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly