ချင်းတွင်းမြစ်အတွင်း ဆန်တက်လာသည့် စစ်ကောင်စီ ရေယာဥ်အုပ်စု တိုက်ခိုက်ခံရ

By ပါခွီး(မဇ္စျိမ)
01 October 2023
ချင်းတွင်းမြစ်အတွင်း ဆန်တက်လာသည့် စစ်ကောင်စီ ရေယာဥ်အုပ်စု တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ၊ ချင်းတွင်းမြစ်ရိုးအတိုင်း ဆန်တက်လာသော စစ်ကောင်စီရေယာဥ်တန်းအုပ်စုကို လက်နက်ကြီး၊ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း Black Falcon Guerrilla Force တပ်ဖွဲ့ထံကသိရသည်။

စစ်ကောင်စီစစ်သင်္ဘောတစီးနှင့် ဖလက်ခွံရှစ်စီး ပါသော ရေယာဥ်အုပ်စုကို ရှေ့ထွက်မိုင်း လေးလုံးအပါအဝင် လက်နက်ငယ်များဖြင့် စက်တင်ဘာလ ၃၀ရက် နေ့တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“မုံရွာမြို့နားက ဆားလင်းကြီးဆိပ်ကမ်းနားမှာ တိုက်ခဲ့တာပါ ။ စစ်ကောင်စီတပ်ဘက် က ထိခိုက်သေဆုံးသတင်းမသိရသေးပေမဲ့ ထိခိုက်မှုများနိုင်ပါတယ်” ဟု Black Falcon Guerrilla Force တပ်ဖွဲ့ တာဝန်ရှိသူ ကပြောသည်။

အဆိုပါတိုက်ခိုက်မှုခံရသော စစ်ကောင်စီတပ်မှလည်း လက်နက်ကြီး၊ငယ်များနှင့် ပြန်လှန်ပစ်ခတ်ခဲ့ပြီး မြစ်ကမ်းတလျှောက်ရှိ ကျေးရွာများကိုလည်း ရမ်းသန်းပစ်ခတ် ခဲ့ကြောင်းဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို Black Falcon Guerrilla Force နှင့်အတူ Relief And Combat Force ၊ Urban Hunter Force နှင့် ဗန္ဓုလနှင့် အဖွဲ့သားများ LPDF တို့မှ ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ဘက်မှ အထိအခိုက်မရှိကြောင်းသိရသည်။

စက်တင်ဘာ၄ရက်နေ့ နံနက် ၇နာရီ ၃၀မိနစ်အချိန်ကလည်း မုံရွာမြို့ အောင်မင်္ဂလာ ရပ်ကွက်ရှိနေအိမ်သို့ပြန်လာသည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ (နမခ) မှ ဆေးဗိုလ်ကြီးတဦးအား Black Falcon Guerrilla Force က ဝင်ရောက်ဖမ်းဆီးခဲ့ သေးသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly