နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁ အောက်တိုဘာ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁ အောက်တိုဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ဂျိုးတောင်ရွာမရွာ ဘူတာစုရပ်ရှိ ခန္တီဝံသာရာမ ကျောင်းတိုက်ကိုအကြမ်းဖက်စစ်အုပ်စု၊တမခ-၃၃ လက်အောက်ခံ ခမရ-၁၂၀ အထိုင်တပ် က တိုက်ပွဲဖြစ်ပွါးတာ မရှိဘဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဆရာမ(၁)ယောက်နှင့် ကလေးငယ်(၂၀)ယောက် လက်နက်ကြီးထိမှန် ဒဏ်ရာရရှိမှု အတွက် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ကျုးလွန် မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်း ကုန်တာဝန်ယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထား သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

တနင်္သာရီတိုင်း ၊ မြိတ်ခရိုင် ၊ တနင်္သာရီမြို့နယ်တွင် စစ်ရှောင် ဦးရေ ၆,၀၀၀ ကျော် အထိရှိလာပြီး ကုန်ဈေးနှုန်း တက်လာ၍ စားနပ်ရိက္ခာ မလုံလောက်ကြကြောင်း စစ်ရှောင် ကူညီပေးသူများထံက သိရသည်။

စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ် စစ်ဘေးရှောင်စခန်းတခုတွင် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း သုံးည တိုင်တိုင် တော်လှန်ရေး ဇာတ်ကားများပြသပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ညသပိတ် ကျင်းပခဲ့ကြောင်း ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု ဦးဆောင်သူက မဇ္ဈိမကိုပြော ကြားသည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အကြမ်းဖက် စစ်တပ် လက်ပါးစေ စစ်ပျူစောထီးအမာခံ ကျေးရွာတခု ဖြစ်သည့် ဇီဖြူကုန်း ကျေးရွာကနေ ထွက်ပြေးလာသည့် မိသားစု ၃စုကို PDFများက ကယ်ထုတ်ခဲ့ ပြီးနောက် စောင့်ရှောက်မှုများ ပြုလုပ်ပေးနေကြောင်း ABSDF Column - 3 က ထုတ်ပြန်သည်။

ရွှေကူမြို့အဝင်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် PDF ပူးပေါင်းတပ် အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီရေယာဉ်သည် စင်းခန်းဆိပ်ကမ်း၌ ရပ်နားပြီး တပ်ဖျောက်ထား ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ရဲဘော်နှင့်ပြည်သူများအား သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီ စစ်ကြောင်းအား မိုင်းနှစ်ကြိမ်​ဆွဲတိုက်ခိုက်ခဲ့ကြောင်း လျှပ်စီးတပ်ခွဲ - မုံရွာခရိုင်က သတင်းထုတ် ပြန်သည်။

ဝက်လက်မြို့နယ် လူထု သပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီနှင့် ဒေသ ပြည်သူများ ပူးပေါင်းကာ ယနေ့ အောက်တိုဘာလ ၁ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ The Space Youth Learning Centre တွင်ပြုလုပ်သော မီနီမက်(စ်) ဈေးရောင်းပွဲတွင် တော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေနေသူများ နှင့်အဖွဲ့အစည်းများ ပါဝင်ရောင်း ချကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ စမူပကန်ခရိုင်တွင် မျိုးဆက်သစ်တို့ တောက်ပဖို့ PDF ကို ထောက်ပံ့စို့ ခေါင်းစဥ်ဖြင့် ယနေ့ အောက်တိုဘာလ ၁ ရက်နေ့တွင် နွေဦးတော်လှန်ရေး ရန်ပုံငွေ ဘောလုံးပြိုင်ပွဲ ပြုလုပ်ခဲ့ ကြောင်းသိရသည်။

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် ဖြစ်ပွါးသည့် တိုက်ပွဲမှ ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်၏ ခဲယမ်းများ သိမ်းဆည်းလိုက်နိုင်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်က မဇ္ဈိမကိုပြောသည်။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် နဘူးတောကျေးရွာ တပ်စွဲသည့်စစ်ကောင်စီတပ်အား တိုက်ခိုက် ရာ ထိခိုက်မှုရှိကြောင်း မြင်းခြံခရိုင်အမှတ်(၄)တပ်ရင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီးမြို့မရဲစခန်းနှင့် ဆောက်လုပ်ရေးရုံးရှိ အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ရဲ ၅ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၄ ထံမှ သိရသည်။

တောင်ကိုရီးယားနိုင်ငံ ဂျယ်ဂျူကျွန်းတွင် MFDMC အဖွဲ့သားများနှင့် မြန်မာများ စုပေါင်း၍ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂတွင် ဆက်လက်ခန့်ထားရေး ယနေ့ (အောက်တိုဘာ ၁) နံနက်က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ရန်ကုန်မြို့ ၊အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းရှိ စစ်တပ်ပိုင် အင်းဝဘဏ်အနီးတွင် ယမန်နေ့ (စက်တင်ဘာ ၃၀) ညပိုင်း၌ ဗုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် စစ်ကောင်စီတပ်မှ ကလေးစစ်သားတဦး ခဲယမ်းများနှင့် ၎င်း တို့ထံ ခိုလှုံလာကြောင်း ချင်းအမျိုးသားကာကွယ်ရေးဖွဲ့ (CNDF)က ပြောသည်။

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင် ၂၈ဦး လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း စစ်ကောင်စီ ဝါဒဖြန့်မီဒီယာများက စက်တင်ဘာ ၂၉ရက်တွင် ထုတ်ပြန်ခဲ့ရာ ယင်းလုပ်ရပ်သည် စစ်ကောင်စီ၏ နိုင်ငံရေးပြကွက်တစ်ခုသာဖြစ်သည်ဟု ကိုးကန့်သတင်းရင်းမြစ်က ပြောသည်။

ဖားကန့်မြို့နယ် ဆိုင်းတောင်ရဲစခန်းကုန်းကို ကချင်လွတ်မြောက်လပ်ရေးတပ်မတော်(KIA)၊PDF ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ရာ စစ်ကောင်စီက ကျေးရွာများအား လက်နက်ကြီးဖြင့် ပစ်ခတ်၍ အရပ်သားသုံးဦး ဒဏ်ရာရရှိခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ဦးဆောင်သည့် အဖွဲ့က စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် သွားရောက်တွေ့ဆုံမှုသည် KNUနှင့် လုံး၀ သက်ဆိုင်မှု မရှိကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး၏ ပြောဆိုချက်ကို ကိုးကား၍ People’s Spring တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်သားတစ်ဦး ခဲယမ်းနှင့် ကျည် များယူလာပြီး အလင်းဝင်လာကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်းက ပြောသည်။

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ပုဇွန်မြောင်းရွာသား ပြည်သူ ၃ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး ပြီး ၂ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ကေအဲန်ယူ ဗဟို မှ တာဝန်ရှိသူတစ်ဦး၏ပြောဆိုချက်ကို ကိုးကား၍ ရန်ကုန်ခေတ်သစ်သတင်းတွင် ဖော်ပြထားသည်။

စစ်ကောင်စီ

တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှာ ပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံ တည်ထောင်ခဲ့သော ၇၄နှစ်‌မြောက် အထိမ်း အမှတ်အခမ်းအနားအပြီး တရုတ်ဝန်ကြီးချုပ်နှင့် စစ်ကောင်စီ မြန်မာသံအမတ် ဦးတင်မောင်ဆွေ တို့ တွေ့ဆုံခဲ့ချိန်တွင် တရုတ်အနေဖြင့် နှစ်နိုင်ငံ အကျိုးစီးပွားအတွက် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့ကြောင်း စစ်ကောင်စီ သတင်းများတွင် ဖော်ပြထားသည်။

စမ်းသပ်သန်းခေါင်စာရင်းကို အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အထိ မြို့နယ် ၂၀ အတွင်းရှိ စာရင်း ကောက် ကွက်ပေါင်း ၁ဝဝ ကို ရွေးချယ်ပြီး ပဏာမကောက်ယူသွားမည်ဖြစ်ကြောင်း သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သည့် စစ်ကောင်စီခန့် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် စိုးသိန်းကပြောသည်။

အကြမ်းဖက်မင်းအောင်လှိုင် သည် ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး ဦးဆောင်သည့် အဖွဲအား ယမန်နေ့ က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံပြီး ငြိမ်းချမ်းရေး ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြကြောင်း စစ်ကောင်စီ သတင်းများတွင် ဖော်ပြထားသည်။

အောက်တိုဘာ ၁ ရက် သုံးသပ်ချက်

အကြမ်းဖက်စစ်အုပ်စုသည် သတင်းအမှားဖြန့် သတင်းအတုလုပ်ဝါဒဖြန့်သည်ကို ပြုလုပ်လေ့ရှိ ၎င်းတို့ နိုင်ငံရေးအရသော်လည်းကောင်း စစ်ရေးအရသော်လည်းကောင်း ရှုံးနိမ့်နေလျှင် အသုံးပြုလေ့ ရှိသည်။ ယခုလည်း ဝတပ်ဖွဲ့နှင့် ကိုးကန့်တပ်ဖွဲ့တို့ တွေ့ဆုံသည့် သတင်းထွက် ပေါ်လာပြီးနောက် ကိုးကန့် တပ်မတော်(MNDAA) တပ်ဖွဲ့ဝင် ၂၈ဦး လက်နက်နှင့်အလင်းဝင်လာသည်ဟု ဝါဒဖြန့် သတင်းစာများ တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

အလားတူ KNU  ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနှင့်အကြမ်းဖက်မင်းအောင်လှိုင် တွေ့ ဆုံရာ တွင်လည်း KNU အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးတော့မည်ပုံစံမျိုးဖြင့် တော်လှန်ရေး အရှိန်တန့် အောင် ဝါဒဖြန့်ထားသည်ကိုတွေ့ရသည်။ယင်းနှင့်ပတ်သက်၍ KNU က လုံး၀ သက်ဆိုင်မှု မရှိကြောင်း ပြတ်ပြတ်သားသား ပြောဆိုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required