ရန်ကုန်တွင် ပြင်းအား ၃.၉ အဆင့်ရှိ မြေငလျင် လှုပ်ခတ်

By ရွှေနွယ်(မဇ္ဈိမ)
01 October 2023
ရန်ကုန်တွင် ပြင်းအား ၃.၉ အဆင့်ရှိ မြေငလျင် လှုပ်ခတ်

ရန်ကုန်မြို့တွင် ယနေ့ အောက်တိုဘာ ၁ ရက် ညနေ ၅ နာရီ ၆ မိနစ်ခန့်က အင်အား ရစ်ချ်တာ စကေး ၃.၉ အဆင့် အင်အားအနည်းငယ်ရှိမြေငလျင်တခုလှုပ်ရှားသွားကြောင်း စစ်ကောင်စီလက်အောက် ခံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည်။

ရန်ကုန်တိုင်း၊ ခရမ်းမြို့၏ အရှေ့တောင်ဘက် ၁၂ မိုင်ခန့်အကွာ၊ ကမ္ဘာအေးမြေငလျင်စခန်း၏အရှေ့ဘက် ၃၈ မိုင်ခန့်အကွာကို ဗဟိုပြု၍လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း ဆိုသည်။

အဆိုပါမြေငလျင်ကို ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အများစုတွင် သိရှိခံစားလိုက်ရကြောင်း ဒေသခံများ ကပြောသည်။

“သုံးခါလောက်လှုပ်သွားတာ၊ ပထမတချက်က မသိသာလိုက်ဘူး။ ငလျင်လှုပ်တာလားဆိုပြီး သတိထား လိုက်တော့ ဒုတိယနဲ့ တတိယအချက်က သိသိသာသာကို လှုပ်သွားတာ” ဟု စမ်းချောင်းမြို့နေဒေသခံက မဇ္ဈိမကိုပြောသည်။

အဆိုပါငလျင်ကို ကျောက်မြောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာ၊ တာမွေ၊ ဗဟန်းနှင့် မင်္ဂလာတောင် ညွန့်မြို့နယ်တို့၌လည်း သိသိသာသာခံစားသိရှိလိုက်ရကြောင်း ဒေသခံများu ၎င်းတို့၏ လူမှုကွန်ရက်စာ မျက်နှာများတွင် ရေးသားမျှဝေထားကြသည်။

“နည်းနည်း လှုပ်သွားတယ်။ သုံးစက္ကန့်လောက်တော့ရှိမယ်၊ သိသာတယ်။ ဒါပေမယ့် ကျွန်တော်တို့နားမှာ တော့ ပျက်စီးတာမျိုးမရှိဘူး” ဟု ဗဟန်းမြို့နယ်မှ ဒေသခံကပြောသည်။

ရန်ကုန်မြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့ကလည်း ငလျင်သုံးကြိမ် လှုပ်ခတ်ခဲ့ပြီး  ည ၈ နာရီ ၅၅ မိနစ်တွင် လှုပ်ခတ်ခဲ့သည့်ငလျင်မှာ အပြင်းထန်ဆုံးဖြစ်ခဲ့သည်။

အဆိုပါငလျင်သည် ပဲခူးမြို့၏အနောက်တောင်ဘက် ၁၂ မိုင်ခန့်အကွာဗဟိုပြု၍ အင်အား ရစ်ချ်တာစကေး ၅.၁ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်ဖြစ်ကြောင်း  စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ရက်ပိုင်းအတွင်း ငလျင်လှုပ်ခတ်မှုကိုနှစ်ကြိမ်ခံစားလိုက်ရသောကြောင့် မြေငလျင်အန္တရာယ်နှင့်ပတ်သက် ၍ ရန်ကုန်မြို့နေလူထု စိုးရိမ်နေကြကြောင်း ဒေသခံများက မဇ္ဈိမသို့ပြောသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly