ကန်ပက်လက်မြို့အဝင် မုခ်ဦးတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့အလံ လွှင့်ထူ

By ပါခွီး(မဇ္စျိမ)
29 September 2023
ကန်ပက်လက်မြို့အဝင် မုခ်ဦးတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့အလံ လွှင့်ထူ
ပုံအညွှန်း - မြို့အဝင်မုခ်ဦးတွင်း ချင်းပြည်နယ်အလံနှင့် ချင်းကာကွယ်ရေးအလံ လွှင့်ထူထားစဉ် ၊ ဓါတ်ပုံ - CDF - Kanpetlet

ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့ အဝင် မုခ်ဦးတွင် ချင်းပြည်နယ်အလံနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့အလံကို လွှင့်ထူနိုင်ခဲ့ကြောင်း  CDF – Kanpetlet က စက်တင်ဘာလ ၂၈ရက်တွင် ထုတ်ပြန်သည်။

ကန်ပက်လက်မြို့အဝင်ရှိ  “လောက်နူးမြေ ကန်ပက်လက်မြို့မှ လှိုက်လှဲစွာကြိုဆိုပါ၏” ဟု ရေးသားထားသည့် မုခ်ဦးတွင် CDF - အလံနှင့် ချင်းပြည်နယ်အလံ လွှင့်ထူထားခြင်းကို ဓါတ်ပုံများနှင့်တကွ ထုတ်ပြန်လာခြင်း ဖြစ်သည်။

“ကိုယ့်မြို့ကိုယ် စိုးမိုးတော့မယ်လို့ နိမိတ်ပြလိုခြင်းဖြစ်တယ် ။ ကိုယ်မြို့ကိုယ်ပိုင်တယ်ဆိုတာ ပြသလိုခြင်းဖြစ်တယ်။ လူသူမနေတော့တဲ့ မြို့ပျက်ကြီးလိုဖြစ်နေတဲ့ ကန်ပက်လက်မြို့လေးကို ကျနော်တို့ ပြန်ပိုင်ဖို့ ရည်ရွယ်ပါတယ်” ဟု အလံလွှင့်ထူခြင်းနှင့် ပတ်သက်၍ CDF – Kanpetlet တပ်မဟာမှူး ဆလိုင်းထွန်းလိန်းက မဇ္စျိမကိုပြောသည်။

ပုံအညွှန်း - မြို့အဝင်မုခ်ဦးတွင်း ချင်းပြည်နယ်အလံနှင့် ချင်းကာကွယ်ရေးအလံ လွှင့်ထူထားစဉ် ၊ ဓါတ်ပုံ - CDF - Kanpetlet

ကန်ပက်လက်မြို့ကို ပြန်လည်ပိုင်ဆိုင်လိုပြီး ယခင်ကဲသို့ ပြန်လည်စိုပြေကာ စည်စည်ကားကားပြန်ဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဆိုသည်။

ယခု အလံလွှင့်ထူသည့် မုခ်ဦးနေရာနှင့် စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသည့် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးရုံးသည် တမိုင်ခွဲခန့် အကွာအဝေးရှိကြောင်း သိရသည်။

ကန်ပက်လက်မြို့နယ်၏ နယ်မြေ ၉၀ရာခိုင်နှုန်းကို CDF – Kanpetlet အနေဖြင့် စိုးမိုး ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီတပ်အနေဖြင့် ကန်ပက်လက်မြို့နှင့် ကျင်ဒွေးမြို့တို့တွင် အနည်းငယ် တပ်စွဲထားကြောင်း CDF – Kanpetlet တပ်မဟာမှူးက ဆက်ပြောသည်။

ပုံအညွှန်း - မြို့အဝင်မုခ်ဦးတွင်း ချင်းပြည်နယ်အလံနှင့် ချင်းကာကွယ်ရေးအလံ လွှင့်ထူထားစဉ် ၊ ဓါတ်ပုံ - CDF - Kanpetlet

စစ်ကောင်စီတပ်နှင့် ယင်းတို့နှင့်ဆက်နွှယ်နေသောသူများအောက်တွင် မည်သည့် ပြည်သူမျှ နေထိုင်လိုခြင်းမရှိသောကြောင့် ဒေသကို စွန့်ခွာသွားကြသည်ကို သိရှိနားလည်အမြင်မှန်ရပြီး စစ်ကောင်စီလက်အောက်ခံများအနေဖြင့် အမှန်တရားဘက်က ရပ်တည်၍ ပြည်သူများနှင့် ပူးပေါင်းရန် လိုအပ်ကြောင်းဆိုသည်။

CDF – Kanpetlet အနေဖြင့် မြို့ကိုဆက်လက်ထိန်းချုပ်နိုင်ရန် လိုအပ်နေသော ခဲယမ်းများဖြည့်တင်းနိုင်ရေးအတွက် ဩဂုတ်လ ၃၁ရက်မှ အောက်တိုဘာ ၁၅ရက်အထိ “ဝိတိုရိယ သူရဲ ကောင်း စုပေါင်းအားသစ်လောင်း” ခေါင်းစဥ်ဖြင့် ရန်ပုံငွေ ကျပ် ၅၀၀,၀၀၀,၀၀၀(သိန်းငါးထောင်) ကမ်ပိန်းပြုလုပ်နေကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက် ကန်ပက်လက်မြို့နယ်အတွင်း ခုခံစစ်များ ဆင်နွှဲခဲ့ရာ လက်နက်မပြည့်စုံသဖြင့် CDF – Kanpetlet တပ်ရင်း(၂) ၏ စခန်း အား သုံးကြိမ် နှင့် တပ်မဟာဌာနချုပ်အား တကြိမ် လက်လွှတ်ခဲ့ရကာ ရဲဘော် ၁၆ဦး အသက်ပေးခဲ့ရကြောင်း သိရသည်။

ပုံအညွှန်း - မြို့အဝင်မုခ်ဦးတွင်း ချင်းပြည်နယ်အလံနှင့် ချင်းကာကွယ်ရေးအလံ လွှင့်ထူထားစဉ် ၊ ဓါတ်ပုံ - CDF - Kanpetlet

အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့သော တိုက်ပွဲပေါင်း ၁၅၀ကျော်အတွင်း စစ်ကောင်စီတပ်ဖွဲ့မှ အရာရှိ အချို့အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၂၀၀ခန့် ရှင်းလင်းသုတ်သင်နိုင်ခဲ့ပြီး ယခုအချိန်သည် ပြောက်ကျားစစ်မှ ထိရောက်သောထိုးစစ် ပြုလုပ်နိုင်ရေးနှင့် အထိုင်စခန်းများ သိမ်းယူနိုင်ရေးအတွက် မိဘပြည်သူများနေဖြင့် ရန်ပုံငွေကမ့်ပိန်းတွင်  ပါဝင်ပေးကြပါရန် ဖိတ်ခေါ်ထားသည်။

စက်တင်ဘာလ ၂၇ရက်နေ့ကလည်း ကန်ပက်မြို့ရှိ အထွေထွေဦးစီးမှူးရုံးနှင့် ပညာရေးမှူးရုံးတို့တွင် အခြေစိုက်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို CDF – Kanpelet တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

စာတည်း။        ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly