ဗဟန်းရွှေတောင်ကြားရပ်ကွက် နေအိမ်မီးလောင်မှု အမျိုးသမီး ၂ဦးသေဆုံး

By ဂန္ဒမာ၊ ရွှေနွယ်(မဇ္ဈိမ)
29 September 2023
ဗဟန်းရွှေတောင်ကြားရပ်ကွက် နေအိမ်မီးလောင်မှု အမျိုးသမီး ၂ဦးသေဆုံး
ပုံအညွှန်း - ရွှေတောင်ကြားလမ်းရှိ မီးလောင်နေသော နေအိမ်ပုံ ၊ ဓာတ်ပုံ - ရဲသူရိန် ရဲသူရိန် FB

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြာ (၂)ရပ်ကွက်၊ အင်းယားမြိုင်လမ်းရှိ နေအိမ်တလုံး ယနေ့ စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားရာ အိမ်အတွင်းရှိ အမျိုးသမီး နှစ်ဦးသေဆုံးသွားသည်ဟု  မီးသတ်တပ်ဖွဲ့ဝင်တဦး ပြောသည်။

“မီးလောင်မှု စဖြစ်တဲ့နေရာက သုံးမိနစ်အိုး ရေခမ်းပြီး မီးလောင်တာပါ။ သေဆုံးသူရှိပါတယ်။ အမျိုးသမီး နှစ်ဦးပါ” ဟု ၎င်းကပြောသည်။

မီးလောင်မှုမှာ ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။အဆိုပါ အိမ်အတွင်းမှ အသက် (၇၉) နှစ်နှင့် အသက် (၅၀)အရွယ်အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ကြောင်းသိရပြီး ယင်းအမျိုးသမီးနှစ်ဦးနှင့်ပတ်သက်၍အသေးစိတ်ကို မသိရသေးပေ။

" မီးလောင်ပြင် အပေါ်ထပ်မှာ အဘွားတယောက် Deadbody(ရုပ်အလောင်း)တွေ့ ။ နောက်ထပ် Body(ရုပ်အလောင်း)တယောက်ထပ်တွေ့"ဟု ကူညီကယ်ဆယ်ရာတွင်ပါဝင်သည့် မီးသတ်တပ်ဖွဲ့ဝင်တဦးက ၎င်း၏လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားထားသည်။

မီးလောင်မှုကို အနောက်ပိုင်းခရိုင် မီးသတ်စခန်း၊ စမ်းချောင်းမြို့နယ်၊လှိုင်မြို့နယ် ၊ အလုံမြို့နယ်နှင့် ကမာရွတ်မြို့နယ် မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်ခုနစ်စီးဖြင့် ငြှိမ်းသတ်ရာ နံနက် ၁၀ နာရီ ၃၃ မိနစ်တွင် မီးထိန်းနိုင်ပြီး ၁၀ နာရီ ၃၆ မိနစ်တွင် မီးငြိမ်းကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ပျက်စီးဆုံးရှုံးမှုတန်ဖိုးကျပ် ၂၃ သိန်းရှိသည်ဟု မီးသတ်တပ်ဖွဲ့ဝင်က ဆိုသည်။

စာတည်း။   ။ ဖူးသိမ်ကျ
စာမူတည်းဖြတ် ။   ။ အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required