လီဗာပူးလ်ရှိ ရှယ်ယာအနည်းငယ်ကို FSG က ပုဂ္ဂလိကရှယ်ယာအုပ်စု Dynasty Equity သို့ ရောင်းချ

By AFP
29 September 2023
လီဗာပူးလ်ရှိ ရှယ်ယာအနည်းငယ်ကို FSG က ပုဂ္ဂလိကရှယ်ယာအုပ်စု Dynasty Equity သို့ ရောင်းချ
Photo: AFP

လီဗာပူးလ်အသင်းရဲ့ ပိုင်ရှင်တွေဖြစ်တဲ့ Fenway Sports Group က ၎င်းတို့ဟာ ပရီးမီးယားလိဂ်ကပ်အသင်းကြီးရဲ့ ရှယ်ယာအနည်းစုကို အမေရိကန်ပုဂ္ဂလိကရှယ်ယာအုပ်စု Dynasty Equity သို့ ရောင်းချလိုက်ကြောင်း ကြာသပတေးနေ့မှာ ပြောပါတယ်။

အခြေခံအဆောက်အအုံဆိုင်ရာ ပရောဂျက်တွေနဲ့ အပြောင်းအရွှေ့ဈေးကွက်မှာ အသုံးစရိတ်တွေအတွက် ကိုဗစ်ကပ်ရောဂါကာလအတွင်း ဖြစ်ပေါ်လာတဲ့ အကြွေးတွေကို လျှော့ချဖို့ ရင်းနှီးမြှုပ်နှံမှုကို အသုံးပြုမှာဖြစ်ကြောင်း ကလပ်က ပြောပါတယ်။

FSG တည်ထောင်သူ ဂျွန်ဟင်နရီက ယခုနှစ်အစောပိုင်းမှာ ကြိုးကြာနီတို့ကို ရောင်းချဖို့ ငြင်းဆန်ခဲ့ပေမယ့်လည်း "ကလပ်တသင်းအနေနဲ့ လီဗာပူးလ်ရဲ့ အကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်မယ်ဆိုပါက အစုရှယ်ယာရှင်အသစ်တွေ"ကို ဖွင့်ပေးထားခဲ့ကြောင်း အဆိုပါအုပ်စုက ဝန်ခံခဲ့ပါတယ်။

FSG က ၂၀၁၀ မှာ လွှဲပြောင်းရယူပြီးနောက်ပိုင်း လီဗာပူးလ်ဟာ အင်္ဂလိပ်နဲ့ ဥရောပပြိုင်ပွဲရဲ့ ထိပ်တန်းအဆင့်ကို ပြန်လည်တည်ဆောက်လာနိုင်ခဲ့ပြီး ၂၀၁၉ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးကာ နောက်ရာသီမှာ ကလပ် ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို နှစ်ပေါင်း ၃၀ အကြာမှာ ကိုင်မြှောက်နိုင်ခဲ့ပါတယ် ။

ဒါပေမယ့်လည်း ၎င်းတို့ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ အဆင့် (၅) နေရာရရှိပြီးနောက် ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ သူတို့ရဲ့ ပထမ ခြောက်ပွဲမှာ ငါးပွဲအနိုင်ရရှိပြီးနောက် လက်ရှိရာသီကို အားကောင်းမောင်းသန်နဲ့ စတင်ကစားလိုက်ပြီး အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

FSG ဥက္ကဋ္ဌ မိုက်ဂေါ်ဒွန်က "လီဗာပူးလ်နဲ့ ကျနော်တို့ရဲ့ ရေရှည်ကတိကဝတ်တွေဟာ အရင်ကထက် ခိုင်မာနေဆဲပါ။

"တကယ်လို့ လီဗာပူလ်းအတွက် မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ဖော်ကိုင်ဖက်ရှိမယ်ဆိုရင် ကလပ်ရဲ့ ရေရှည်ဘဏ္ဍာရေး ခံနိုင်ရည်ရှိမှုနဲ့ အနာဂတ် တိုးတက်မှုကို သေချာအောင် ကူညီပေးဖို့ အခွင့်အလမ်းကို ကျနော်တို့ လိုက်နာမယ်လို့ ကျနော်တို့တွေက အမြဲပြောထားပါတယ်။"

Dynasty Equity မှ ရင်းနှီးမြှုပ်နှံမှုဟာ ဒေါ်လာသန်း ၁၀၀ (ပေါင် ၈၂ သန်း)နဲ့ ဒေါ်လာသန်း ၂၀၀ ကြားရှိကြောင်း Athletic က ဖော်ပြခဲ့ပါတယ်။

Forbes ရဲ့ တွက်ချက်မှုအရ ကလပ်အသင်းရဲ့  ဒေါ်လာ ၅.၃ ဘီလီယံတန်ဖိုးအပေါ်အခြေခံပြီး Dynasty Equity ဟာ ၁.၉ နဲ့  ၃.၈ ရာခိုင်နှုန်းကြားရှိတဲ့ အနည်းစုရင်းနှီးမြှုပ်နှံမှုကို ကိုယ်စားပြုတယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly