မြန်မာ့အရေး ကုလလူ့အခွင့်အရေးမဟာမင်းကြီး အစီရင်ခံစာကို စစ်ကောင်စီကန့်ကွက်

By မဇ္ဈိမ 
29 September 2023
မြန်မာ့အရေး ကုလလူ့အခွင့်အရေးမဟာမင်းကြီး အစီရင်ခံစာကို စစ်ကောင်စီကန့်ကွက်

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာကျင်းပနေတဲ့ ၅၄ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံမှာ မဟာမင်းကြီး Volker Türk တင်ပြတဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီအရင်ခံစာနဲ့ စက်တင်ဘာ ၂၆ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ ဆွေးနွေးမှုတွေဟာ မလိုအပ်တဲ့ကိစ္စတွေအဖြစ် ဂျနီဗာမြို့မှာရှိတဲ့ ကုသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးက ထုတ်ပြန်လိုက်ပါတယ်။ 

လူ့အခွင့်အရေးကောင်စီဟာ စစ်ကောင်စီက အတည်ပြုထားတဲ့အချက်အလက်တွေကို တမင်ထိန်ချန်ပြီး ဘက်လိုက်ဖော်ပြထားတယ်လို့ တုံ့ပြန်ထားပါတယ်။

ကလေးငယ်နဲ့ ဒေသခံပြည်သူအများအပြားသေဆုံးခဲ့ရတဲ့ စစ်ကိုင်းတိုင်း ပဇီကြီးကျေးရွာတိုက်ခိုက်မှု၊ ကချင်ပြည်နယ် အနန့်ပါကျေးရွာတိုက်ခိုက်မှုအပါအဝင် အရပ်သားတွေ‌ပါ သေဆုံးခဲ့ရတဲ့ မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ အစီရင်ခံစာကို စစ်ကောင်စီက ပယ်ချတုံ့ပြန်ခဲ့ပါတယ်။

ကလေးငယ်တွေအပါအဝင် အရပ်သားတွေ သေဆုံးခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာနားမှာ NUG/ CRPH နဲ့ PDF ရုံးချုပ်ဖွင့်မယ်ဆိုတဲ့သတင်းအရ စစ်တပ်က အကြမ်းဖက်မှုတန်ပြန်စစ်ဆင်ရေးအနေနဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ လက်နက်တွေ ပေါက်ကွဲမှုကြောင့် အများအပြားသေဆုံးခဲ့ရတာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ တုံပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် ကျေးရွာတွေ မီးရှို့ခံရတာနဲ့ပတ်သက်လို့ လူ့အခွင့်အရေးကောင်စီရဲ့ အစီရင်ခံစာမှာ လက်သည်ဘယ်သူဆိုတာ မသိနိုင်ဘဲ လုံခြုံရေးတပ်ဖွဲ့တွေရဲ့လက်ချက်ဖြစ်တယ်လို့ စွပ်စွဲထားတာဟာ အစီရင်ခံစာရေးသူရဲ့ အားနည်းချက်ကို ပြသနေတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။ 

စစ်ကောင်စီရဲ့ အဆိုအရ PDF အကြမ်းဖက်တွေရဲ့ ဆိုးဝါးတဲ့ပြစ်မှုတွေကို အစီရင်ခံစာထဲမှာ မထင်သာအောင် လျှော့ပေါ့ဖော်ပြထားရုံမက သူတို့ရဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေကို လုပ်သင့်လို့ လုပ်တာဆိုတာမျိုး အကြောင်းပြထားတယ်လို့လည်း စွပ်စွဲထားပါတယ်။

 မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ ရေးသားခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk ကတော့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ စုံစမ်းတွေ့ရှိချက်တွေအရ စစ်တပ်ရဲ့ ကျူးလွန်မှုတွေထဲက အများအပြားဟာ ရက်ရက်စက်စက်လုပ်ရပ်တွေဖြစ်သလို လူ့အခွင့်အရေး၊ လူ့အသက်နဲ့ လူသားသိက္ခာတို့ကို စနစ်တကျ လှစ်လျူတဲ့ လုပ်ရပ်တွေဖြစ်တယ်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆွေးနွေးတဲ့ စက်တင်ဘာ ၂၆ ရက်နေ့က ပြောကြားခဲ့ပါတယ်။

မြန်မာစစ်တပ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC)က လွှဲပြောင်းကိုင်တွယ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး တောင်းဆိုချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG ) အနေနဲ့  ကြိုဆိုကြောင်း ပြောကြားထားပါတယ်။

မြန်မာနိုင်ငံမှာ တနေ့တခြား လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုများလာတဲ့အကြောင်း၊ နိုင်ငံတကာက လုံလောက်တဲ့ အရေးစိုက်မှုမရှိတဲ့ မြန်မာ့အရေးကို ICC တရားရုံးဆီ လွှဲပြောင်းကိုင်တွယ်ဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်ကာတာ့ခ်က လုံခြုံရေးကောင်စီကို တောင်းဆိုထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာစစ်တပ်ရဲ့ လေကြောင်းကနေ တိုက်ခိုက်မှုဟာ အာဏာသိမ်းပြီး နောက်ပိုင်း ၁၄ လအတွင်းမှာထက် နှစ်ဆကျော်ပိုမိုများပြားခဲ့သလို ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာစစ်တပ်ရဲ့ လေကြောင်းကနေ တိုက်ခိုက်မှုဟာ စုစုပေါင်း ၆၈၇ ကြိမ်ရှိခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးက ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly