၂ လ နီးပါးအတွင်း  စစ်ကောင်စီတပ်သား ၅၀ ကျော်    CDM ဝင်ရောက်လာကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနဆို

By 001 (မဇ္စျိမ)
29 September 2023
၂ လ နီးပါးအတွင်း  စစ်ကောင်စီတပ်သား ၅၀ ကျော်    CDM ဝင်ရောက်လာကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနဆို

ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၂၁ ရက်နေ့အထိ နှစ်လနီးပါးကာလအတွင်း စစ်ကောင်စီတပ်သား ၅၂ ဦး ပြည်သူ့ရင်ခွင်ကို ချိတ်ဆက်ပြီး CDM ဝင်ရောက်လာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေကပြောသည်။

စက်တင်ဘာလ ၂၆ ရက်နေ့က နွေဦးတော်လှန်ရေးအောင်ပွဲသတင်းများနှင့် ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူလူထုထံသို့ အစီရင်ခံတင်ပြရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

သြဂုတ်လနှင့် စက်တင်ဘာလအတွင်း ပြည်သူ့ရင်ခွင်သို့ ချိတ်ဆက်လာသည့် အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်များတွင် ၁၄ ဦးမှာလက်နက်များ ယူဆောင်လာကြောင်း သိရသည်။

ထို့ကြောင့် ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါလက်နက်များအတွက် ထပ်ဆောင်းချီးမြှင့်ငွေများကိုလည်း ထုတ်ပေးခဲ့ကြောင်း ဦးမောင်မောင်ဆွေက ပြောသည်။

NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် စစ်ကောင်စီတပ်မှ CDMဝင်ရောက်လာသူများကို လက်ခံနေသကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် CDMမဝင်ရောက်နိုင်သေးသူများကိုလည်း အမာခံသတင်းပေးပို့သူ(ဖရဲသီး)များအဖြစ် ပြုလုပ်ရန် ယခင်ကပင် ဖိတ်ခေါ်ထားခြင်း ဖြစ်သည်။

“ဖရဲသီးစီမံချက်မှာ ပူးပေါင်းပါဝင်ဆောင်ရွက်ချင်ပါတယ်လို့ ဆက်သွယ်လာတဲ့သူတွေကလည်း အမြောက်အမြားရှိပါတယ်။ အဲ့ဒီလူတွေကိုလည်း ကျွန်တော်တို့ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ ဆက်လက်ပြီးတော့ ဖရဲသီး စီမံချက်တွေမှာ ဆောင်ရွက်ပြီးတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီကျွန်တော်တို့ကို ပေးဖို့ဆောင်ရွက်လျက်လည်းရှိပါတယ်”ဟု ဦးမောင်မောင်ဆွေကပြောသည်။

စစ်ကောင်စီအနေဖြင့် စစ်ဆင်ရေးများတွင် အဘက်ဘက်မှ ကျဆုံးလာသည်နှင့် အမျှ ထိပ်ပိုင်းခေါင်းဆောင်များကို ဖြုတ်၊ထုတ်၊သတ်ပြုလုပ်လာခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်းများ ပြုလုပ်လာခြင်းတို့ကိုလည်း တွေ့နေရကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေက ထည့်သွင်းပြောဆိုသည်။

“ထိပ်တန်းခေါင်းဆောင်တွေကလည်း အပေါ်ပိုင်းမှာ ပြိုလဲလာတာနဲ့အမျှ အောက်ပိုင်းတပ်ရင်းတပ်ဖွဲ့တွေမှာလည်း စစ်မတိုက်တာ၊ အမိန့်မနာခံဘဲနဲ့ ထောင်ကျခံတာ၊ ထွက်ပြေးလာတာတွေလည်း အမြောက်အမြားကိုရှိနေပါတယ်”ဟု ဆိုသည်။

စစ်အာဏာသိမ်းကာလအတွင်း ပြည်သူ့ဘက်သို့ ကူးပြောင်းလာသည့် စိစစ်ပြီး စစ်ကောင်စီတပ်သား ဦးရေ ၃,၀၀၀ ကျော်နှင့်ရဲတပ်သား ဦးရေ ၁၀,၀၀၀ ကျော် စုစုပေါင်း ဦးရေ ၁၃,၀၀၀ကျော်ရှိကြောင်း ၂၀၂၃ခုနှစ်၊ စက်တင်ဘာလအစောပိုင်းက ထုတ်ပြန်ခဲ့သည့် NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့ခုခံတွန်းလှန်စစ် နှစ်နှစ်ပြည့်အစီရင်ခံစာအရ သိရသည်။

ထို့ပြင် လက်နက်နှင့်တကွ ပြည်သူ့ဘက်ရပ်တည်လာသူများထံမှ သေနတ်မျိုးစုံ အလက် ၇၀ကျော်၊ ကျည်ပေါင်း ၁၀,၀၀၀ကျော်၊ ဗုံးသီးနှင့် ဆက်စပ်ပစ္စည်းများ လက်ခံရရှိခဲ့ပြီးကျပ်သိန်းပေါင်း ၃,၀၀၀ ကျော်ကို ဂုဏ်ပြုငွေအဖြစ် ချီးမြှင့်ထားပြီးဖြစ်ကြောင်းလည်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly