ရွှေဝါရောင်တော်လှန်ရေး ၁၆ နှစ်ပြည့် အထိမ်းအမှတ် ရန်ကုန်မြို့တွင် လှုပ်ရှားမှုပြုလုပ်

By ဓါတု (မဇ္ဈိမ)
28 September 2023
ရွှေဝါရောင်တော်လှန်ရေး ၁၆ နှစ်ပြည့် အထိမ်းအမှတ် ရန်ကုန်မြို့တွင် လှုပ်ရှားမှုပြုလုပ်
ဓါတ်ပုံ- CJ

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ၁၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့မှ လူငယ် သပိတ်အင်အားစုက သရုပ်ပြလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလှုပ်ရှားမှုတွင် ရွှေဝါရောင်အရေးအခင်း၌ သံဃာတော်များ သွေးမြေကျသည့်ဖြစ်ရပ်များနှင့် သင်္ကန်းများ လမ်းပေါ်တွင် ပြန့်ကျဲခဲ့သည့်ဖြစ်ရပ်များအား ပြည်သူလူထုအနေဖြင့် မမေ့လျော့ရန် ဖော်ညွှန်း သရုပ်ပြသည့် လှုပ်ရှားမှုလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်လူငယ်သပိတ်အင်အားစုမှ တက်ကြွလှုပ် ရှားသူ တဦးကမဇ္စျိမကိုပြောသည်။

“အဓိကတော့ အဲဒီအရေးအခင်းတုန်းက သံဃာတော်တွေ ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်တာကို ဖော်ညွှန်းချင်တာလည်း ပါတယ်။ စစ်တပ်က အစိုးရလုပ်အုပ်ချုပ်တဲ့ခေတ်တုန်းက အေးအေးချမ်းချမ်းဆန္ဒ ထုတ်ဖော်တဲ့ သံဃာတွေ၊ ပြည်သူတွေကို ဒီလို တရားမဲ့ အကြမ်းဖက် ဖမ်းဆီးနှိမ်နင်းတာတွေကို လူတွေ မမေ့သွားဖို့ ပြောချင်တာလည်းပါတယ်” ဟု ၎င်းကပြောသည်။

လှုပ်ရှားမှုပြုလုပ်ခဲ့သည့်နေကို မဖော်ပြခြင်းမှာ စစ်ကောင်စီက CCTV မှတ်တမ်းများကိုခြေရာခံပြီး လိုက် လံဖမ်းဆီးမည့်အတွက်ကြောင့်ဖြစ်ကြောင်းလည်း ရန်ကုန်လူငယ်သပိတ်အင်အားစုမှ လူငယ်တဦးက ပြောသည်။

၂၀၀၇ ခုနှစ် နအဖ စစ်အစိုးရခေတ်က ထုတ်ပြန်ကြေညာခြင်းမရှိဘဲ ၎င်းတို့သဘောဖြင့် လောင်စာဆီ ထောက်ပံ့ပေးခြင်းအား ရပ်ဆိုင်းလိုက်၍ စက်သုံးဆီဈေး ၆၆ ရာခိုင်နှုန်းအထိ ရုတ်တရက် တိုးမြင့်စေခဲ့ရာမှ မကွေးတိုင်း၊ ပခုက္ကူမြို့တွင် လောင်စာဆီစျေးပြန်ချပေးရန်  သံဃာတော်များက မေတ္တာပို့ တောင်းဆိုခဲ့ သည်။

အဆိုပါသံဃာတော်များအား စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခြင်း၊ ဓာတ်တိုင်တွင် ကြိုးတုပ်ရိုက် နှက်ခြင်းများ လုပ်ဆောင်ခဲ့သဖြင့် ပဋိပက္ခဖြစ်ပွားခဲ့ရာမှ  စက်တင်ဘာလ ၁၈  ရက်နေ့တွင် မြန်မာနိုင်ငံ အတွင်းမှ မြို့အများစုတွင် ထောင်ပေါင်းများစွာသော သံဃာတော်နှင့် ပြည်သူလူထုမှ သိပိတ်မှောက် ဆန္ဒထုတ်ဖော်ခဲ့သည်။

ယင်းကဲ့သို့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သည့် သံဃာတော်များနှင့်ပြည်သူများကို စက်တင်ဘာလ ၂၆ ရက် နေ့တွင် စစ်တပ်က အကြမ်းဖမ်းဖြိုခွင်းခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများပြုလုပ်ခဲ့ရာမှ ရွှေဝါရောင်တော် လှန်ရေး ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required