စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြသဖြင် အမျိုးသမီးနှစ်ဦးအပါ အဝင်လေးဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများဖြင့် စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၁၀ နှစ် စီ ထပ်မံချမှတ်ခဲ့ကြောင်း ကလေးမြို့ပင်မသပိတ်ကော်မတီထံမှ သိရသည်။
ကလေးမြို့၊ ဗိုလ်ချုပ်လမ်း၊ တပ်ဦးသီတာရပ်ကွက်တွင် တော်လှန်သင်္ကြန်သပိတ်လှုပ်ရှားမှုကို ယခုနှစ် ဧပြီလ ၁၆ ရက်နေ့က မကျိန်ဒိတ်ကိမ်၊ မအိစံ၊ ကိုသန်းစိုးဦးနှင့် ကိုမျိုးဝင်းတို့မှပြုလုပ်ခဲ့ရာ စစ်ကောင်စီ တပ်ကဖမ်းဆီးပြီးနောက် ယခုကဲ့သို့ ထောင်ဒဏ်များချမှတ်ခဲ့ခြင်းဖြစ်သည်။
ဆန္ဒပြသူများကို မေလ ၂၁ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ ကလေးမြို့နယ်တရားရုံးက ပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ်နှစ်နှစ်စီ ချမှတ်ခဲ့သည်။
စက်တင်ဘာလ ၂၅ ရက်နေ့တွင်လည်း ကလေးမြို့နယ်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ည)၊ ၅၀(ဇ) နှင့် ၅၂(က)များဖြင့် ထောင်ဒဏ် ၁၀ နှစ်စီ ထပ်မံချမှတ်ခဲ့ခြင်းဖြစ်သည်။
ဆန္ဒပြသူလေးဦးကို ဖမ်းဆီးပြီးနောက် ဧပြီလ ၁၉ ရက်နှင့် ၂၀ ရက်နေ့များတွင် မကျိန်ဒိတ်ကိမ်၊ မအိစံနှင့် အခြား သပိတ်အဖွဲ့ဝင်များဖြစ်သော ကိုထန်ရှစ်ကစ်ပ်၊ မပွားလေးတို့၏ နေအိမ်များကို စစ်ကောင်စီတပ်က ဖြိုချဖျက် ဆီးခဲ့သည်။
“ဆန္ဒပြတယ်ဆိုတာ လူသားတိုင်းမွေးရာပါအခြေခံရပိုင်ခွင့်ဖြစ်တယ်။ ဒီနေ့ ခေတ်ကာလအာဏာရှင်စနစ် ကိုတွန်းလှန်တဲ့နေရာမှာ လူထုရဲ့ပါဝင်လှုပ်ရှားမှုက စစ်အာဏာရှင်အရှိုက်ကို ထိုးနှက်နေတယ်ဆိုတာ၊ လက်နက်မဲ့ အကြမ်းမဖက်လှုပ်ရှားမှုတွေ၊ ဆန္ဒပြသပိတ်လမ်းစဥ်တွေကို တုန်လှုပ်ခြောက်ခြားနေတယ်၊ ကြောက်ရွံ့နေတယ်ဆိုတာ သူတို့တွေရဲ့ မတရားပုဒ်မတပ်ဖမ်းဆီးပြီး ထောင်ဒဏ်ချမှတ်နေခြင်အားဖြင့် ပြလိုက်တာဖြစ်တယ်” ဟု ကလေးမြို့ပင်မသပိတ်ခေါင်းဆောင် ကိုဗိုက်ပူက မဇ္စျိမကိုပြောသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကြောင့် ကလေးမြို့တွင် ကျောင်းသားပြည်သူ ၃၀ အသက်ပေးခဲ့ ရပြီး လူထုသပိတ်လှုပ်ရှားမှုနှင့်ဆက်စပ်ပြီး ၆၀ ကျော် ဖမ်းဆီးခံခဲ့ရကာ နိုင်ငံရေးအကျဥ်းသား ၂၀၀ ကျော် မတရားချုပ်နှောင်ခံထားရကြောင်း ကိုဗိုက်ပူက ဆက်ပြောသည်။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောင်ရေးအသင်း(AAPP)၏ စက်တင်ဘာလ ၂၇ ရက်နေ့ ထုတ်ပြန် ချက်အရ နိုင်ငံတဝှမ်း ပြည်သူ ၁၉,၂၇၈ ဦး ထိမ်းသိမ်းခံရနေပြီး ၎င်းတို့အနက် ၇,၃၈၂ ဦးမှာ ထောင်ဒဏ် များချမှတ်ခံထားရကြောင်းသိရသည်။
စာတည်း။ ။စောဖေ