တောင်တရုတ်ပင်လယ်၌ ပြတ်ပြတ်သားသား ရပ်တည်သွားမည်ဟု ဖိလစ်ပိုင် ပြော 

28 September 2023
တောင်တရုတ်ပင်လယ်၌ ပြတ်ပြတ်သားသား ရပ်တည်သွားမည်ဟု ဖိလစ်ပိုင် ပြော 

တရုတ်ကမ်းခြေစောင့်တပ်ရေယာဉ်များ ပါဝင်သည့် ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားသည့်နောက်တွင် ဖိလစ်ပိုင်နိုင်ငံက တောင်တရုတ်ပင်လယ်၌ ၎င်း၏ ရပ်တည်ချက်ကို ပို၍ ပြတ်သားစေမည်ဟု ရေတပ်ဦးစီးချုပ်က  မနေ့က ပြောသည်။ 

မားကို့စ်အစိုးရသည် “တောင်တရုတ်ပင်လယ်၌ ပိုင်ဆိုင်ခွင့်ကို ခိုင်ခိုင်မာမာ တည်ထားခြင်း” အပါအဝင် တောင်တရုတ်ပင်လယ်အား ကာကွယ်ရေး “အမျိုးသားမဟာဗျူဟာ” ကို ချမှတ်ထားသည်ဟု ဖိလစ်ပိုင် လက်နက်ကိုင်တပ်များ (AFP) ၏ အနောက်တိုင်းစစ်ဌာနချုပ် အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး အယ်ဘတ်တို ကားလို့စ်က သတင်းထောက်များအား ပြောသည်။ 

စကားဘော်ရောက် ပင်လယ်ရေတိမ်ပိုင်းတွင် တရုတ်သင်္ဘောများ ချထားခဲ့သည်ဆိုသော မီတာ ၃၀၀ ရှိ ရေမြုပ်အတားအဆီးများကို ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် (PCG) က ရှာဖွေတွေ့ရှိသည့်နောက် ရက်အနည်းငယ်အကြာတွင် ကားလို့စ်က ပြောဆိုလာခြင်းပဲ ဖြစ်သည်။ အဆိုပါ အတားအဆီးများသည် ရေတိမ်ပိုင်းရှိ ငါးပေါများရာ နေရာသို့ ဖိလစ်ပိုင်တံငါသည်များ ဝင်ရောက်ခွင့်ကို တားဆီးထားသည်ဟု PCG က သတင်းထုတ်ပြန်သည်။ 

အဆိုပါ ပင်လယ်ရေတိမ်ပိုင်းသည် ဖိလစ်ပိုင် လူဇွန်ကျွန်းအနောက်ဘက် ၂၀၀ ကီလိုမီတာခန့်တွင် ရှိပြီး ဖိလစ်ပိုင် အထူးစီးပွားရေးဇုန်အတွင်း ရှိနေလင့်ကစား ၂၀၁၂ ခုနှစ်က နှစ်နိုင်ငံကြား အချင်းများချိန်မှစကာ တရုတ်က ဝင်ရောက်ထားခြင်း ဖြစ်သည်။ 

ထိုနေရာ၌ အတားအဆီးများ ချခြင်းသည် “ရေကြောင်းသွားလာမှုအတွက် အန္တရာယ် ရှိပြီး နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း” ဖြစ်သည်ဟု ဖော်ပြရင်း ကြိုးနှင့် ပိုက်ကွန် အတားအဆီးများကို PCG က ယခု သီတင်းပတ်အတွင်း သမ္မတ ဖာဒီနန် မားကို့စ် အမိန့်အရ ဖယ်ရှားလိုက်သည်။ 

ဖိလစ်ပိုင်၏ လုပ်ရပ်မှာ “ကိုယ့်ကိုယ်ကို ဖျော်ဖြေနေသည့် ဗရုတ်ဗယက် လုပ်ရပ်ပဲ”ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဝေါင်ဝန်ပင်းက အင်္ဂါနေ့၌ ပြောဆိုခဲ့သည်။ 

“တရုတ်အနေနဲ့ စကားဘော်ရောက် ပင်လယ်ရေတိမ်ပိုင်းရဲ့ အချုပ်အခြာ ပိုင်မှုနဲ့ ရေပြင်ပိုင်ဆိုင်ခွင့်ကို အခိုင်အမာ ကိုင်စွဲထားတယ်၊ ကျွန်တော်တို့အနေနဲ့ ဖိလစ်ပိုင်ဘက်ကို အကြံပေးချင်တာကတော့ ရန်မဆွဖို့နဲ့ ပြဿနာ မဖြစ်စေဖို့ပါပဲ”ဟု ဝေါင်က ပေကျင်းရှိ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly