ထိုင်းနိုင်ငံ၏ ပို့ကုန်သည် ၁၀ လ ဆက်တိုက် ကျဆင်းခဲ့သည့်နောက်တွင် ဩဂုတ်လအတွင်း၌ ပထမဆုံးအဖြစ် ၂ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ကီရာတီ ရတ်ချာနိုက စက်တင်ဘာ ၂၆ ရက်တွင် ပြောသည်။
နိုင်ငံ၏ ပို့ကုန်သည် ဘတ်ငွေ ၈၂၅ ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၂၈ ဘီလီယံခန့်) အထိ ရောက်ရှိခြင်းကြောင့် ၁၀ လဆက်တိုက် ကျဆင်းပြီးသည့်နောက် ကောင်းမွန်သော လက္ခဏာရပ်ပဲ ဖြစ်သည်။
တချိန်တည်းတွင် အလားတူ ကာလအတွင်း ထိုင်း၏ သွင်းကုန်မှာ ၁၂ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းပြီး ဘတ် ၈၂၃ ဘီလီယံ ရှိသဖြင့် ကုန်သွယ်မှု ပိုလျှံငွေ ဘတ် နှစ်ဘီလီယံ ရှိခဲ့သည်။
ယခုနှစ်၏ ပထမရှစ်လအတွင်း၌ ထိုင်းနိုင်ငံ၏ ပို့ကုန်သည် ဘတ် ၆ ဒသမ ၃၈ ထရီလီယံခန့် (အမေရိကန်ဒေါ်လာ ၁၈၇ ဒသမ ၆ ဘီလီယံနီးပါး) သို့ ရောက်ရှိရာ ယင်းသည် တနှစ်ကထက် ၄ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခြင်း ဖြစ်သည်။ သွင်းကုန်မှာလည်း ၅ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းကာ ဘတ် ၆ ဒသမ ၇ ထရီလီယံ ရှိသဖြင့် ကုန်သွယ်မှု လိုငွေ ဘတ် ၃၅၃ ဘီလီယံခန့် ရှိခဲ့သည်။
ထိုင်း၏ ပို့ကုန် ပြန်လည်ဦးမော့လာခြင်းသည် လေးလအတွင်း ပထမဆုံးအဖြစ် စိုက်ပျိုးမွေးမြူရေးထုတ်ကုန် တင်ပို့မှု ၄ ဒသမ ၂ ရာခိုင်နှုန်း တိုးများလာခြင်းကြောင့် ဖြစ်သည်ဟု ကီရာတီအရ သိရသည်။
အထူးသဖြင့် အေးခဲ၊ အခြောက်ခံ သစ်သီးဝလံများ တင်ပို့မှုသည် ၉၉ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ပြီး ဆန်က ၁၀ ရာခိုင်နှုန်း၊ ပြုပြင်ထားသော ဟင်းသီးဟင်းရွက် တင်ပို့မှုက ၂၆ ဒသမ ၅ ရာခိုင်နှုန်း၊ နို့နှင့် နို့ထွက်ပစ္စည်းက ၁၃ ဒသမ ၂ ရာခိုင်နှုန်းနှင့် အေးခဲအခြောက်ခံ ဟင်းသီးဟင်းရွက် တင်ပို့မှုက ၂၂ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
ဩဂုတ်လအတွင်း ထိုင်းနိုင်ငံ၏ စက်မှုထုတ်ကုန် တင်ပို့မှုသည် သုံးလအတွင်း ပထမဆုံးအဖြစ် ၂ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်သည်။ ယင်းတွင် ကားနှင့် ဆက်စပ်ပစ္စည်းများ တင်ပို့မှု ၅ ဒသမ ၂ ရာခိုင်နှုန်း၊ လျှပ်စစ်ပစ္စည်း ၃၉ ဒသမ ၈ ရာခိုင်နှုန်း၊ စက်ယန္တရားနှင့် ဆက်စပ်ပစ္စည်း ၆ ဒသမ ၄ ရာခိုင်နှုန်း၊ ဖုန်းနှင့် အပိုပစ္စည်း ၃၆ ဒသမ ၉ ရာခိုင်နှုန်း၊ semi-conductor နှင့် transistors ၇၄ ဒသမ ၅ ရာခိုင်နှုန်းနှင့် transformers နှင့် ဆက်စပ်ပစ္စည်း ၅၉ ဒသမ ၁ ရာခိုင်နှုန်း တင်ပို့မှု မြင့်တက်ခဲ့သည်။
ထိုင်းနိုင်ငံ၏ ဩဂုတ်လအတွင်း အဓိကဈေးကွက်များသို့ တင်ပို့မှုသည် ၂ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ရာ အမေရိကန်သို့ ၂၁ ဒသမ ၇ ရာခိုင်နှုန်း၊ ဂျပန်သို့ ၁၅ ဒသမ ၇ ရာခိုင်နှုန်းနှင့် တရုတ်သို့ ၁ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်သည်။ သို့ရာတွင် အာဆီယံ၊ ဥရောပသမဂ္ဂနှင့် CLMV (ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်) သို့ တင်ပို့မှုက ၁ ဒဿမ ၅ ရာခိုင်နှုန်း၊ ၁၁ ဒသမ ၆ ရာခိုင်နှုန်းနှင့် ၂၁ ဒသမ ၃ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့သည်။
(မိုးသဲ ဘာသာပြန်သည်။)