ဝန်းသိုမှကြားကာလစာသင်ကျောင်းကို စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှု ကလေး၁၈ဦး ဒဏ်ရာရ

By MTO (မဇ္စျိမ)
28 September 2023
ဝန်းသိုမှကြားကာလစာသင်ကျောင်းကို စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှု ကလေး၁၈ဦး ဒဏ်ရာရ
ပုံအညွှန် − ဝန်းသိုမြို့ အဝင် ဆိုင်းဘုတ်ကိုတွေ့ရစဉ်

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်တွင် စာသင်ကျောင်းဖွင့်လှစ်ထားသည့် ဘုန်းကြီးကျောင်းအား စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကလေးငယ် ၁၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ခြောက်ဦးဒဏ်ရာပြင်းထန်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီး ဌာန(MOD)က သတင်းထုတ်ပြန်သည်။

ဝန်းသိုမြို့နယ်၊ဂျိုးထောင်ရွာ၊ ဘူတာစုရပ်ရှိ ခန္တီဝံသာရာမကျောင်းတိုက်ကို စက်တင်ဘာလ ၂၇ ရက်နေ့ နေ့လည် ၁၂နာရီ ၃၀မိနစ်ခန့်တွင် စစ်ကောင်စီကလက်နက်ကြီးသုံးလုံး ပစ်ခတ်တ််ိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။ 

" ခမရ (၁၀၂) ထဲကနေ ပစ်တာ။ ရက်ရက်စက်စက်ပစ်တာ။ ကလေးတွေ စာသင်နေတဲ့ ကျောင်းကို ပစ်တာပါ"ဟု ဝန်းသိုမြို့ခံတဦးက မဇ္ဈိမကိုပြောသည်။

ဒီပဲယင်းမြို့နယ်လက်ယက်ကုန်းကျေးရွာကို လေကြောင်းထိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် မြင်တွေ့ရသည့် စာသင်ခန်း ပုံ

ခမရ (၁၀၂) မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် အတွက် စာသင်ကြားနေသည့် ကလေးငယ် ၁၈ ဦး ဒဏ်ရာရရှိခဲ့ပြီးခြောက် ဦး ဒဏ်ရာ ပြင်းထန်ကြောင်း MOD က ယ‌နေ့ စက်တင်ဘာလ ၂၈ရက်နေ့လယ်တွင် သတင်းထုတ်ပြန်သည်။ကလေးငယ်များ ပညာသင်ယူနေသည့် ဘုန်းတော်ကြီးကျောင်းကို အရပ်ဘက်စစ်ဘက်ခွဲခြားမှုမရှိ၊ကျိုးကြောင်းမဲ့ ပစ်ခတ်ခြင်းဟု MOD က ဆိုသည်။စစ်ကောင်စီက  စစ်ရာဇ၀တ်မှု ကျူးလွန်နေကြောင်း ထင်ရှားစွာ ပြသနေသည့် ဖြစ်ရပ်ဟုလည်း MOD ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

" ဒါက တော်တော်လူမဆန်တဲ့ လုပ်ရပ်ပဲ။ သူတို့ဖွင့်ထားတဲ့ကျောင်းတွေမှာကျတော့ စိတ်ပါပါမပါပါ တက်ခိုင်းနေပြီး NUG ကျောင်းတွေကို အခုလို အကြမ်းဖက်တာဟာ ခွင့်လွတ်လို့မရဘူး"ဟု စစ်ကိုင်းတိုင်းမှ CDM ကျောင်းဆရာမတဦးကပြောသည်။ 

စစ်‌ကောင်စီသည် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊တနင်္သာရီတိုင်း၊ မကွေးတိုင်းတို့မှ အမျိုးသားညီညွတ်ရေးအစိုးရက ဖွင့်လှစ်ထားသည့် ကြားကာလပညာသင်ကျောင်းများကို ပစ်မှတ်ထား၍ လေကြောင်းနှင့်လက်နက်ကြီး ပစ်ခတ်မှုများ မကြာခဏပြုလုပ်နေသည်။

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်၊လက်ယက်ကုန်းကျေးရွာမှစာသင်ကျောင်းဖွင့်ထားသည့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ခဲ့ရာ ကလေးငယ်ခြောက်ဦးသေဆုံးပြီး  ၂၀ ကျော် အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly