ဆန်စီရီုမှ လူ ၇၀,၀၀၀ ဆံ့ ကွင်းသစ်သို့ ပြောင်းရွှေ့ရန် အစီအစဉ်များ စီးရီးအေကလပ် အေစီမီလန် ထုတ်ဖော်ပြောဆို

By BBC
28 September 2023
ဆန်စီရီုမှ လူ ၇၀,၀၀၀ ဆံ့ ကွင်းသစ်သို့ ပြောင်းရွှေ့ရန် အစီအစဉ်များ စီးရီးအေကလပ် အေစီမီလန် ထုတ်ဖော်ပြောဆို

အေစီမီလန်အသင်းဟာ ၎င်းတို့ရဲ့ အထင်ကရ ဆန်စီရိုအိမ်ကွင်းမှ ပြောင်းရွှေ့ကာ မြို့တောင်ဘက်ရှိ ပရိသတ် ၇၀,၀၀၀ ဆံ့တဲ့ အားကစားကွင်းအသစ်ကို တည်ဆောက်ဖို့ စီစဉ်နေကြောင်း ကြေညာခဲ့ပါတယ်။

ကလပ်အသင်းဟာ ဆန်ဒိုနာတိုရဲ့ ဆင်ခြေဖုံးရှိ မြို့တော်ကောင်စီထံ ပဏာမ အဆိုပြုချက်တွေ တင်သွင်းခဲ့ပါတယ်။

ဆန်စီရိုဟာ ၁၉၂၆ ကတည်းက မီလန်ရဲ့ အားကစားကွင်းဖြစ်ခဲ့ပေမယ့်လည်း ၁၉၉၀ ကမ္ဘာ့ဖလားနောက်ပိုင်း ခေတ်မီပြောင်းလဲအောင် မလုပ်ဆောင်နိုင်သေးပါဘူး။

၎င်းတို့ဟာ မြို့ခံပြိုင်ဖက် အင်တာမီလန်နဲ့ အတူ ပူးတွဲအိမ်ကွင်းအဖြစ် မျှဝေအသုံးပြုကာ ခေတ်မီအောင် ပြန်လည်ပြင်ဆင်ဖို့ အကြိမ်ကြိမ်ကြိုးစားမှု မအောင်မြင်ခဲ့ပါဘူး။

ဩဂုတ်လမှာ ဒေသဆိုင်ရာ အမွေအနှစ်ကော်မရှင်က အားကစားကွင်းမှာ "ယဉ်ကျေးမှုဆိုင်ရာ စိတ်ဝင်စားမှု"ရှိတယ်လို့ ယူဆတာကြောင့် ဖြိုဖျက်လို့ မရနိုင်ဘဲ ကလပ်နှစ်ခုစလုံးကို တခြားနေရာတွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

အေစီမီလန်ဟာ အားကစားကွင်းတခုအပြင် ကလပ်ဌာနချုပ်၊ ဟိုတယ်၊ ကလပ်အရောင်းဆိုင်နဲ့ ပြတိုက်တို့ကိုလည်း တည်ဆောက်ဖို့ မျှော်လင့်ထားပါတယ်။

"ကျနော်တို့ဟာ ကမ္ဘာ့အကောင်းဆုံး အားကစားကွင်းတခုကို ကလပ်အသင်းကို ပေးအပ်ဖို့ ရည်ရွယ်တဲ့ ခရီးစဉ်တခုအပေါ် လေးနှစ်ကြာအောင် ဆုံးဖြတ်ပြီးမှ ယုံကြည်ချက်ဖြင့် စတင်လှမ်းခဲ့တာပါ။ ဒါက အောင်ပွဲတွေနဲ့ ရေရှည်တည်တံ့တဲ့ အနာဂတ်ထဲကို ကျနော်တို့နဲ့အတူ လိုက်ပါနိုင်မှာဖြစ်ပါတယ်" ဟု ဥက္ကဋ္ဌ ပေါ်လို စကာရိုနီက ပြောပါတယ်။

"ဒါက ဒီလုပ်ငန်းစဉ်ရဲ့ ဆင့်ကဲဖြစ်စဉ်ရဲ့ ပဏာမခြေလှမ်းကို ကိုယ်စားပြုပေမယ့် တချိန်တည်းမှာပဲ အေစီမီလန်အတွက် ကွင်းတွင်းရော ကွင်းပြင်ပမှာပါ စဉ်ဆက်မပြတ် တိုးတက်မှုကို အာမခံချက်ပေးမယ့် ကျနော်တို့ရဲ့ ပိုင်ဆိုင်မှုရဲ့ ကတိကဝတ်ကို ဒါက ထပ်လောင်းသက်သေပြနေပါတယ်။"

ဆန်စီရို ဒါမှမဟုတ် စတီးဒီယို ဂျုဆပ်ပီ မီယက်ဇာဟာ ၎င်းရဲ့ ထူးခြားတဲ့ အနီရောင် သံမဏိတန်းတွေနဲ့ ခရုပတ်တာဝါတိုင်တွေကြောင့် ကမ္ဘာတဝန်းမှာ လူသိများပေမယ့်လည်း အားကစားကွင်းအတွင်းရှိ ပစ္စည်းတွေဟာ အခြေခံဖြစ်ပြီး ပြုပြင်မွမ်းမံဖို့ အလွန်လိုအပ်နေပါတယ်။

ဒါပေမယ့်လည်း လက်ရှိကွင်းကို ပြန်လည်မွမ်းမံဖို့ ကုန်ကျစရိတ်မှာ သိသာထင်ရှားလှတာကြောင့် အင်တာနဲ့ အေစီမီလန်တို့က တခြားရွေးချယ်စရာ အစီအစဉ်တွေကို နှစ်အတော်ကြာ စဉ်းစားနေခဲ့ပါတယ်။

ကလပ်နှစ်သင်းဟာ 'The Cathedral' လို့ အမည်ပေးထားတဲ့ လက်ရှိဆိုက်နေရာမှာ ပရိသတ် ၆၀,၀၀၀ ဆံ့တဲ့ အားကစားကွင်းအသစ်ကို မျှဝေအသုံးပြုဖို့ အစီအစဉ်ရှိကြောင်း ၂၀၂၁ မှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့်လည်း အမွေအနှစ်ကော်မရှင်ရဲ့ ပြီးခဲ့တဲ့လက ကြေညာချက်ကြောင့် လက်ရှိကွင်းကို ဖြိုချမယ့် မည်သည့်အခွင့်အရေးကိုမဆို အဆုံးသတ်စေခြင်းနဲ့အတူ ဆန္ဒပြမှုတွေ၊ အယူခံဝင်မှုတွေနဲ့ ကန့်ကွက်မှုတွေဟာ ဒီစီမံကိန်းကို ရပ်တန့်စေခဲ့ပါတယ်။

အေစီမီလန်အသင်းလိုပဲ အင်တာမီလန်ဟာ အခုအခါ မီလန်မြို့တောင်ဘက်ရှိ မြို့ငယ်လေးဖြစ်တဲ့ Assago မှာ နေရာတစ်ခုနဲ့အတူ ၎င်းတို့ရဲ့ ကိုယ်ပိုင်ကွင်းကို တခြားနေရာမှာ တည်ဆောက်ဖို့ အခုအခါ စဉ်းစားနေပြီဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly