ထမင်းပေါင်းအိုးတည်ရာမှ ပေါက်ကွဲ မှုဖြစ်ပွားပြီး လူတစ်ဦးသေဆုံး

ထမင်းပေါင်းအိုးတည်ရာမှ ပေါက်ကွဲ မှုဖြစ်ပွားပြီး လူတစ်ဦးသေဆုံး

မုံရွာ၊ ဧပြီ ၂၀ ။            ။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရုံးကြီးရပ်ကွက် ဗိုလ်ချုပ်လမ်းပေါ်ရှိ အား/ကာ တိုက်တန်း အခန်းအမှတ် (၄၁/၄၂) ရှင်းစိမ်း ထမင်းဆိုင်တွင် ဧပြီ၂၀ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က ထမင်းပေါင်းအိုးတည်ရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးခဲ့ကြောင်း မုံရွာမြို့မရဲစခန်းမှ သိရသည်။

"ပေါက်ကွဲသံကြားလို့ သွားကြည့်တော့ လူတစ်ဦးသေဆုံးနေ တာကိုတွေ့ရတယ်။ ထမင်းပေါင်းအိုးတည်ရင်းနဲ့ ဖြစ်တယ် လို့ကြားတယ်။ နောက်တော့ ရဲတွေရောက်လာတယ်။"ဟု ယင်းထမင်းဆိုင်အနီးတွင်ရှိနေသည့် ကိုရဲက ပြောသည်။

ဖြစ်စဉ်မှာ ရှင်းစိမ်း ထမင်းဆိုင်ပိုင်ရှင် ဦးသိန်းနိုင် (၃၅)နှစ်၊သည် နံနက် (၉)နာရီခန့်က ဆိုင်၏ နောက်ဘက်တွင် ထင်းမီးအသုံးပြု ရေနွေးငွေ့ ဘွိုင်လာစနစ်ဖြင့် ထမင်းပေါင်းနေစဉ် အပူချိန်လွန်ကဲပြီး ဘွိုင်လာအိုးပေါက်ကွဲခဲ့ကာ ထမင်းဆိုင်နှင့်အနောက်ဖက်ရှိ ကာယလေ့ကျင့်ခန်း၏ နံရံသံဇကာများ တွန့်လိမ်ချိုင်ဝင်သွားခဲ့ကြောင်း သိရသည်။

ယင်းပေါက်ကွဲမှုကြောင့် ဆိုင်ပိုင်ရှင် ဦးသိန်းနိုင်မှာ ဦးခေါင်းပွင့် ဗိုက်ပေါက်ကာသေဆုံးခဲ့ပြီးကာယလေ့ကျင့်နေသည့် ကိုမင်းသန့်မှာ နှာခေါင်းပြတ်ရှ၊ လက်ယာလက်ခလယ်ပြတ်ရှ၊ လက်ယာဒူးပြတ်ရှ ဒဏ်ရာရခဲ့ကြောင်း၊ပေါက်ကွဲမှုနှင့်ပတ်သက်၍ မုံရွာမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၁၆) ဖြင့် အမှု ရေးဖွင့်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly