မင်းလှတွင် စစ်ရေးတင်းမာ၍ ပဲခူးရိုးမအစပ်ရှိ ကျေးရွာ ၅ ရွာမှ ဒေသခံများ စစ်ဘေးရှောင်

By ရွှေနွယ် (မဇ္ဈိမ)
28 September 2023
မင်းလှတွင် စစ်ရေးတင်းမာ၍ ပဲခူးရိုးမအစပ်ရှိ ကျေးရွာ ၅ ရွာမှ ဒေသခံများ စစ်ဘေးရှောင်
ပုံအညွှန်း- စစ်ဘေးတိမ်းရှောင်နေကြသည့် ပဲခူးရိုးမအစပ်ရှိ ရွာများမှ ဒေသခံများ(ဓာတ်ပုံ-ပေးပို့)
ပဲခူးတိုင်း ၊ သာယာဝတီခရိုင် ၊ မင်းလှမြို့နယ်၊ ပဲခူးရိုးမအတွင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား စစ်ရေးတင်းမာနေ၍ ပဲခူးရိုးမ အစပ်ရှိ ကျေးရွာ ငါးရွာမှ ဒေသခံများ စစ်ဘေးရှောင်နေရကြောင်း သိရသည်။
ပဲခူးရိုးမအစပ်ရှိ ဟိုင်းယု၊ ပျဉ်းကတိုးခင်း၊ ဟိုင်းယုလမ်းပေါက်၊ ဗိုလ်ရုံ နှင့် ဝါးယား ကျေးရွာ ငါးရွာမှ ဒေသခံများသည် နီးစပ်ရာ ကျေးရွာများနှင့် မြို့ပေါ်သို့ ပြောင်းရွှေ့ခိုလှုံနေကြရကြောင်း ဒေသခံများ ထံက သိရသည်။
 
"ဒီရွာတွေထဲ သားထောက်သမီးခံမရှိတဲ့ သက်ကြီးရွယ်အိုတွေ မပြောင်းနိုင်လို့ ကျန်နေခဲ့ကြရတာရှိတယ်။ ကျွန်တော်တို့ ခန့်မှန်းချက်အရတော့ တိမ်းရှောင်ဦးရေ ၁,၀၀၀ လောက်ရှိပါပြီ" ဟု သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
 
စစ်ကောင်စီတပ်သည် အင်အားဖြည့်တင်း စစ်ကြောင်းထိုးနေပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သည်ဟူသော သတင်းများထွက်ပေါ်နေ၍ ဒေသခံများ စိုးရိမ်ထိတ်လန့်က စစ်ရှောင်နေကြခြင်းဖြစ်ကြောင်း ဒေသခံ တဦးကဆိုသည်။
 
"စစ်ကောင်စီတပ်တွေက ဒီရွာတွေအနားအထိ စစ်ကြောင်းထိုးလာတယ်။ နောက်ပြီး ၂၈ ရက်နေ့မှာ လေကြောင်း တိုက်ခိုက်ဖို့ရှိတယ်ဆိုပြီးလည်း သတင်းတွေက ထွက်နေတယ်။ အဲ့တာကြောင့် ရှောင်လာကြတာပါ" ဟု မင်းလှမြို့ ဒေသခံက ပြောသည်။
 
လက်ရှိတွင် အဆိုပါစစ်ရှောင်များသည် ကျွဲမကိုင်းရွာ၊ ကျောင်းရွာ၊ စိန့်ကန့်လန့်ရွာ၊ ဒီးဒူးပင်ရွာ၊ ဘုတ်သိုးရွာ၊ ဘန့်ဘွေးကုန်းရွာ၊ ဘုရားဝင်းရွာနှင့် မင်းလှမြို့ပေါ်တို့တွင် အိမ်ငှားရမ်းနေထိုင်ကြခြင်းနှင့် နီးစပ်ရာဆွေမျိုးမိတ်ဆွေများထံ သွားရောက်နေထိုင်လျက်ရှိကြောင်း သိရသည်။
 
ထို့ပြင် ကျောင်းရွာ၊ ဘန့်ဘွေးကုန်း၊ အောင်ဆန်းမြိုင်၊ ကျွဲမကိုင်းကျေးရွာတို့ရှိ အခြေခံပညာကျောင်းများလည်း ရက်အကန့်အသတ်မရှိ ပိတ်ထားရကြောင်း သိရသည်။
 
ပဲခူးရိုးမအတွင်းတွင် စစ်ကောင်စီတပ်အင်အား ၃၀၀ ခန့်ရောက်ရှိနေသည်ဟု ခန့်မှန်းပြီး အဆိုပါ အင်အားသည် စစ်အာဏာသိမ်းပြီးနောက် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်း စစ်ကြောင်းအင်အားအများဆုံးဖြစ်သည်ဟု သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
 
"မှန်လုံကားတွေနဲ့ ရန်ကုန်ဘက်က ဆင်းလာတဲ့တပ်တွေလည်းပါတယ်လို့ သိထားတယ်။ သူတို့က တက်လာရင်သိရတယ်။
 
ပြန်ဆင်းရင်သိရခက်တော့ ကျွန်တော်တို့မှန်းတာ သူတို့ အင်အား ၃၀၀ လောက်ရှိလိမ့်မယ်" ဟု PDF ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
 
ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့ညပိုင်းက မင်းလှ−မြို့ချောင်း ရိုးမဖြတ်ကျော်လမ်းပေါ်ရှိ စစ်ကောင်စီတပ်၊ ရဲနှင့် သစ်တောဝန်ထမ်းများအထိုင်ချရာ ခါချဉ်တောင် သစ်တောဂိတ်စခန်းကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၅) မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲနှင့် ဝန်ထမ်းများစခန်းစွန့်ခွာထွက်ပြေးသွားကြသည်။
 
ထို့နောက်တွင် ရိုးမပေါ်သို့ ပြန်လည်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် PDF တို့ကြား တိုက်ပွဲများမကြာခဏဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၂၃ ရက်နေ့က ဖြစ်ပွားသောတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံးသည်ဟု သတင်းရရှိကြောင်း PDF ဘက်က ပြောသည်။
 
ထိုသို့ စစ်ရေးတင်းမာလျက်ရှိသောကြောင့် သာယာဝတီမြို့နယ်၊ လက်ပံတန်းမြို့နယ်၊ မင်းလှမြို့နယ်၊ အုတ်ဖိုမြို့နယ်နှင့် ကြို့ပင်​ကောက်မြို့နယ်အပိုင် ပဲခူးရိုးမအတွင်း ပြည်သူများ သွားရေးလာရေးသတိပြုကြရန်နှင့် စစ်ကောင်စီတပ်သားများလိုက်ပါလာသော မော်တော်ယာဉ်များအနီးသွားလာနေထိုင်ခြင်းမပြုကြရန်လည်း စက်တင်ဘာ ၂၅ ရက်နေ့တွင် PDF တပ်ရင်း (၃၈၀၂) မှ အသိပေးထုတ်ပြန်ထားသည်။
 
စာတည်း။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly