ကျိုက်မရောတွင် ၆နှစ်အရွယ် မိန်းကလေးငယ်အပါအဝင် ဒေသခံ ၆ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရ

By ဂျူချန်း(မဇ္ဈိမ)
28 September 2023
ကျိုက်မရောတွင် ၆နှစ်အရွယ် မိန်းကလေးငယ်အပါအဝင် ဒေသခံ ၆ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရ
ပုံအညွှန်း-ထိခိုက်ဒဏ်ရာရကလေးငယ်နှင့် ပျက်ဆီးမှုများ (CJ)

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကနာလို ကျေးရွာအတွင်းသို့ ယမန်နေ့ စက်တင်ဘာလ ၂၇ ရက်နေ့ ည ၉နာရီခွဲအချိန်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ခြောက်နှစ်အရွယ် မိန်းကလေးငယ်တဦးနှင့် အသက် ၁၃ နှစ်အရွယ် ကလေးငယ်တဦးအပါဝင် ဒေသခံ ခြောက်ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

စက်တင်ဘာလ ၂၇ ရက်နေ့ ည ၉နာရီခွဲ အချိန်ခန့်တွင် ကနာလိုကျေးရွာအတွင်းသို့ လက်နက်ကြီးနှစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် အသက်ခြောက်နှစ်အရွယ် မိန်းကလေးငယ်တဦး၊ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တဦး၊ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတဦး၊ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတဦး၊ အသက် ၃၀နှင့် ၅၀ အရွယ် ယောက်ျားလေး နှစ်ဦး စုစုပေါင်း ခြောက်ဦး လက်နက်ကြီး ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံက ပြောသည်။

 ထိခိုက်ဒဏ်ရာသူများအနက် အသက် ၁၃ နှစ်အရွယ်ဖြစ်သူ မောင်မင်းနှင့် အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတို့သည် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပြီး ၎င်းတို့နှစ်ဦးကို ကျိုက်မရော ဆေးရုံမှ မော်လမြိုင်ဆေးရုံသို့ ပို့ထားရကြောင်း သိရသည်။

“ဆိုးဆိုးဝါးဝါးက ကလေးတယောက်က တော်တော်ထိတယ်၊ သုံးတန်းအရွယ်လောက်ကလေး၊ မျက်နှာမှာ ထိသွားတာ၊ သတိတော့ ရှိနေတယ်။ ဒါပေမယ့် အခြေအနေကတော့ အဆင်မပြေပါဘူး၊ ကောင်းသွားရင်တော့လည်း သိပ်အဆင်မပြေလောက်ဘူး၊ မျက်နှာလေးတွေထိသွားတာဆိုတော့လေ” ဟု ဒေသခံတဦးက မဇ္ဈိမ ကို ပြောသည်။

ကျန်သည့် အသက် ၃၀ နှင့် ၅၀ အရွယ် အမျိုးသားနှစ်ဦးသည် ကျိုက်မရောဆေးရုံတွင် ဆက်လက် ဆေးကုသမှု ခံယူလျက်ရှိပြီး အသက် ခြောက်နှစ်အရွယ် မိန်းကလေးငယ်နှင့် အမေဖြစ်သူ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတို့သည် သက်သာသဖြင့် ယနေ့တွင် ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း သိရသည်။

ထို လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကနာလိုကျေးရွာမှ နေအိမ်နှစ်လုံးနှင့် ကားတစီး ထိမှန်ပျက်စီးခဲ့ကြောင်း ဒေသခံမှသိရသည်။

လက်ရှိအချိန်အထိ မည်သည့်အဖွဲ့အစည်းမှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးဖြစ်သည်ကိုမူ မဇ္ဈိမမှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly