ကန်ပက်လက်မြို့တွင် စစ်ကောင်စီ တပ်စွဲထားသည့် ၂ နေရာ တိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံး

By ပါခွီး(မဇ္စျိမ)
28 September 2023
ကန်ပက်လက်မြို့တွင် စစ်ကောင်စီ တပ်စွဲထားသည့် ၂ နေရာ တိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံး
ဓါတ်ပုံ။ - CDF – Kanpetlet

ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့တွင် စစ်ကောင်စီ တပ်စွဲထားသည့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် ပညာရေးမှူးရုံးတို့ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက် လက်) CDF – Kanpetlet က ယမန်နေ့ စက်တင်ဘာလ ၂၇ရက်နေ့တွင် ထုတ်ပြန်သည်။

ကန်ပက်လက်မြို့တွင် အင်အား ၃၀ ဖြင့် တပ်စွဲထားသော ထွေအုပ်ရုံးကို ယမန်နေ့ နံနက် ၆နာရီ မှ ၁၁ နာရီထိ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး ဒဏ်ရာရရှိသူများရှိသည်ဟု သိရသည်။

တဖန် စစ်ကောင်စီ တပ်အင်အား ၂၅ ဦးခန့်ဖြင့် တပ်စွဲထားသော ပညာရေးမှူးရုံးကို ယမန်နေ့ မွန်းလွဲ ၂ နာရီမှ ၃ နာရီအထိ ဆက်လက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ် သား သေဆုံးဒဏ်ရာရရှိမှုကို အတည်မပြုနိုင်ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ထွေအုပ်ရုံးတိုက်ပွဲမှာ စစ်ကောင်စီတပ်သားသေတာက ကျနော်တို့က စနိုက်ပါနဲ့ပစ်ခဲ့တာပါ ။ အဲဒီနောက် အနီးဆုံး ကတုတ်ကျင်းအထိ ချည်းကပ်နိုင်ခဲ့ကြတယ်။  လက်နက်ချဖို့ အော်ဟစ်ပြော ဆိုခဲ့ပေမဲ့ အသေခံပြီး တောင့်ခံခဲ့ကြတယ်။  တပ်စွဲထားတဲ့အထဲက ငိုသံတွေလည်း ကြားခဲ့ကြတယ်” ဟု CDF – Kanpetlet တပ်မဟာမှူး ဆလိုင်းထွန်းလိန်း က မဇ္စျိမ ကိုပြောသည်။

အဆိုပါထွေအုပ်ရုံးကို သိမ်းယူနိုင်ရန်အခွင့်အရေးရခဲ့သော်လည်း လက်လုပ် လက်နက်ကြီးပစ်ကူနှင့် ဒရုန်းပစ်ကူများ  မရှိ၍ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ဆိုသည်။

ပညာရေးရုံးမှူးတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများက အဆင်သင့်နေရာယူထားသဖြင့် အပြန်အလှန်ပစ်ခတ်မှုရှိခဲ့သော်လည်း သေဆုံးမှုကို အတည်မပြုနိုင်ခဲ့ခြင်း ဖြစ်ကြောင်းဆိုသည်။

ကန်ပက်လက်မြို့တွင် တိုက်ခိုက်ခဲ့သည့် နှစ်နေရာအပြင် စစ်ကောင်စီတပ်သည် အထက(၁)ကျောင်းတွင် အင်အား ၇၀ ၊ ရဲစခန်းတွင် ရဲအင်အား ၃၀ ၊ ရန်အောင်စေတီကုန်းနှင့် ဘုန်းကြီးကျောင်းတွင် ၅၀ခန့်ဖြင့်တပ်စွဲထားပြီး တိုက်ခိုက်ချိန်တွင် ၎င်းနေရာများမှ စစ်ကူမလာ ရောက်နိုင်စေရန် လမ်းကြောင်း များကို ကာကွယ်ရေးတပ်ဖွဲ့မှ ပိတ်ဆို့ထားခဲ့ကြောင်း တပ်မဟာမှူးက ဆက်လက် ပြောဆိုသည်။

တိုက်ပွဲနှစ်ခုစလုံးတွင် ကာကွယ်ရေး ရဲဘော်များအထိအခိုက်မရှိကြောင်း CDF – Kanpetlet က ထုတ်ပြန်ချက်တွင်အသိပေးထားသည်။

CDF – Kanpetlet တပ်ဖွဲ့သည့် တိုက်ပွဲပေါင်း  ၁၅၀ ကျော် ဆင်နွှဲခဲ့ပြီး စစ်ကောင်စီတပ်မှ အရာရှိအချို့အပါအဝင် အနည်းဆုံး ၂၀၀ ခန့်ကို ရှင်းလင်းနိုင်ခဲ့ကာ ၎င်းတို့ဘက် မှ တပ်ဖွဲ့ဝင် ၁၆ဦး ကျဆုံးခဲ့ပြီးဖြစ်ကြောင်းသိရသည်။

ယခုအချိန်တွင် ပြောက်ကျားစခန်းမှ တန်ပြန်ထိုးစစ်များစတင်နိုင်ရန်နှင့် စစ်ကောင်စီ တပ်အထိုင်စခန်းများကို ပြန်လည်သိမ်းပိုက်နိုင်ရန်အတွက် လိုအပ်သော လက်နက် ကြီး၊ ငယ်များနှင့် ကျည်ဆန်များ ဖြည့်တင်းနိုင်ရေးအတွက် “ဝိတိုရိယ သူရဲကောင်း စုပေါင်းအားသစ်လောင်း” ခေါင်းစဥ်ဖြင့် ရန်ပုံငွေ ကျပ်သိန်း ၅၀၀,၀၀၀,၀၀၀ (သိန်းငါးထောင်) ကမ်ပိန်းပြုလုပ်လျက်ရှိကြောင်းသိရသည်။

ဩဂုတ်လ ၃၁ရက်နေ့မှ အောက်တိုက်ဘာ ၁၅ရက်အထိ  ၄၅ ရက်အကြာပြုလုပ်မည် ဖြစ်သော အဆိုပါကမ့်ပိန်းတွင် စက်တင်ဘာလ ၂၈ရက် ယနေ့အထိ ကျပ် ၁၂၀,၀၀၀,၀၀၀(သိန်း၁,၂၀၀) ခန့်သာရရှိသေးသဖြင့် ရာခိုင်နှုန်းပြည့်မီရန် မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းအာရုံစိုက်ပေးစေလိုကြောင်း တပ်မဟာမှူးက မေတ္တာရပ်ခံထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly