ကြက်တုပ်ကွေးကြောင့် မုံရွာတွင် ကြက်သားအရောင်းကျ

ကြက်တုပ်ကွေးကြောင့် မုံရွာတွင် ကြက်သားအရောင်းကျ
ဓာတ်ပုံ -  မာန်ဇာမြေမွန်

မုံရွာ၊ ဧပြီ ၂၀ ။              ။ မုံရွာမြို့ ကြက်ငုံးမွေးမြူရေးဇုန်အတွင်း ဧပြီလက ဖြစ်ပွားခဲ့သော ကြက်ငှက်တုပ်ကွေးရောဂါပိုးကြောင့် ကြက်သားအရောင်းကျ နေကြောင်း မုံရွာမြို့ရှိ မြသလ္လာဈေးအတွင်းရှိ ကြက်သားရောင်းချသူများက ပြောသည်။

ကြက်ငှက်တုပ်ကွေး ရောဂါဖြစ်ပွားမှု မရှိချိန်က ကြက်သားရောင်းချမှု အားကောင်းခဲ့ပြီး ယခုကြက်ငှက်တုပ်ကွေး ရောဂါပိုးတွေ့ရှိပြီး နောက်ပိုင်းကြက်သား ဝယ်ယူစားသုံးမှု နည်းပါးသွားခြင်း ဖြစ်သည်။

"အရင်ကဆို တစ်နေ့ကို ပိဿာ ၁၀၀၀ လောက်ကုန်တယ်။ လက်လီရော၊ လက်ကာရော နယ်တွေကို ဖြန့်တာ။ အခုတော့ တစ်နေ့ကို ပိသာ ၁၀၀ ခန့်ပဲ ကုန်တော့တယ်။ ပုံမှန်ဝယ်နေကျ ဖောက်သည်တွေပဲ ဝယ်ကြတော့တယ်။ စားသောက်ဆိုင်တွေပေါ့။ ပိဿာချင်းဝယ်ပြီး စားသောက်တဲ့သူ တွေကတော့ မဝယ်ကြတော့ဘူး"ဟု မုံရွာ မြသလ္လာဈေးအတွင်း ကြက်သားရောင်းချသူ တစ်ဦးက ပြောသည်။

ယင်းသို့ ကြက်သားရောင်းချမှု ကျဆင်းခဲ့သော်လည်း ကြက်သားဈေးနှုန်းမှာမူ မြင့်တက်လာခဲ့ကြောင်း သိရသည်။

"အရင်က တစ်ပိဿကို ၃၆၀၀ ဝန်းကျင်ပဲ ရှိတယ်။ အခုတော့ တစ်ပိဿာ ကျပ်၄၀၀၀ ထိ ရှိလာတယ်။ ဈေးမြင့်တက်လာပေမဲ့ စားသုံးသူနည်းလို့ ရောင်းရတာ အဆင်မပြေဘူး။"ဟု ကြက်သားရောင်း ချသူတစ်ဦးက ပြောသည်။

ကြက်သားရောင်းချရာတွင် သက်ဆိုင်ရာ တိမွေး/ကု ၏ ထောက်ခံချက်ပါမှသာ ရောင်းချရမည် ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီမှ ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly