စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁ ထောင်နီးပါးအထိရှိလာကြောင်း ကုလအစီရင်ခံစာဖော်ပြ

By မဇ္ဈိမ 
27 September 2023
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁ ထောင်နီးပါးအထိရှိလာကြောင်း ကုလအစီရင်ခံစာဖော်ပြ

စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ အကြိမ်တစ်ထောင်ခန့် တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၂၈၁ ဦးသေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး OHCHR ရဲ့ စက်တင်ဘာလ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ၃၀၁ ကြိမ်၊ ၂၀၂၂ ခုနှစ် ဧပြီလကနေ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ ၆၈၇ ကြိမ် စုစုပေါင်း ၉၈၈ ကြိမ် လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားတာပါ။
ဒါကြောင့် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အာဏာသိမ်ပြီးတစ်နှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုနဲ့နှိုင်းယှဉ်ရင် သိသိသာသာမြင့်တက်လာတယ်လို့ ထောက်ပြထားပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နိုင်ငံအလယ်ပိုင်းဒေသတွေမှာ ၂၁၆ ဦးသေဆုံးခဲ့ပြီး ဒါဟာ သေဆုံးမှုအများဆုံးဖြစ်ပါတယ်။
လေကြောင်းတိုက်ခိုက်ခံရမှုအများဆုံးက စစ်ကိုင်းတိုင်းဖြစ်ပြီး ၂၅၈ ကြိမ်အထိ တိုက်ခိုက်ခံခဲ့ရတယ်လို့လည်းဆိုပါတယ်။
ဒီအစီရင်ခံစာကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ စက်တင်ဘာ ၁၁ ရက်ကနေ အောက်တိုဘာ ၆ ရက်နေ့အထိကျင်းပနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ (၅၄) ကြိမ်မြောက် အစည်းအဝေးမှာ OHCHR က တင်ပြထားတာဖြစ်ပါတယ်။
အာဏာသိမ်းကာလအတွင်း စစ်ကောင်စီဟာ အရပ်သားပြည်သူတွေ နေထိုင်ရာ မြို့ရွာတွေကို စစ်ရေးပစ်မှတ်လိုမျိုး တမင်ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း ၁၂၀၀ ကျော်ရှိခဲ့တယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒီကနေ့အထိ ပျက်စီးခဲ့တဲ့ နေအိမ်ပေါင်း ၁၀၈၀ လုံး၊သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ ၅၄၁ ဦး၊ ထိခိုက်ဒဏ်ရာရခဲ့တဲ့ အရပ်သားပြည်သူ ၄၃၃ ဦး၊စာသင်ကျောင်း ထိခိုက်ပျက်စီးမှု ၃၉ ကျောင်း၊ဆေးရုံ ၂၂ ရုံနဲ့ ဘာသာရေးအဆောက်အအုံ ၅၄ လုံးအထိရှိတယ်လို့ ဖော်ပြပါတယ်။
ဒီဖြစ်စဉ်တွေဟာ စစ်ခေါင်းဆောင်ကိုယ်တိုင် တက်ရောက်သဘောတူညီခဲ့တဲ့ အာဆီယံအဖွဲ့ရဲ့ ဘုံသ ဘောတူ ညီချက် ၅ ချက်၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်အ မှတ် ၂၆၆၉ စတာတွေကို လုံးဝလေးစားလိုက်နာမှုမရှိဘဲ လူထုအပေါ် အကြမ်းဖက်လုပ်ရပ်တွေကို ရည်ရွယ်ချက်ရှိရှိ ဆက်တိုက်ကျူးလွန်နေတာလို့ NUG က ဆိုပါတယ်။
ပြည်သူလူထုအပေါ် အကြမ်းဖက်မှုမျိုးစုံကို အချိန်နဲ့အမျှ ကျူးလွန်နေတဲ့ စစ်ကောင်စီကို အမြန်ဆုံး ဖြုတ်ချနိုင်ရေးအတွက် NUG က ပြည်သူနဲ့လက်တွဲပြီး အစွမ်းကုန် ဆက်လက်ကြိုးပမ်းသွားမှာဖြစ် ကြောင်း ထပ်လောင်းသံန္နိဋ္ဌာန်ပြုတယ်လို့ ဆိုပါတယ်။
နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့မြန်မာ့နွေဦးတော်လှန်ရေးအတွက် အခုထက် ပိုမိုထိရောက်ပြီး လက်တွေ့ကျတဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေးရာအကူအညီတွေ၊ ဝန်းရံအားပေး ကူညီကြဖို့ NUG က တိုက်တွန်းထားပါတယ်။
NUG အနေနဲ့ မိမိစိုးမိုးနယ်မြေတွေမှာ အရပ်ဘက်တရားစီရင်ရေးမဏ္ဍိုင်ကို စနစ်တကျဖော်ဆောင် လည်ပတ်နေတဲ့အပြင် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ PDF တပ်မတော်တို့မှာလည်း အဆင့်ဆင့်သော စစ်ဖက်တရားစီရင်ရေးစနစ်ကို ဖော်ဆောင်နေတယ်လို့ အသိပေးပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly