မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေမှာ စစ်ကောင်စီရဲ့ ထိန်းချုပ်နိုင်မှု ကျဆင်း

By မဇ္ဈိမ 
27 September 2023
မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေမှာ စစ်ကောင်စီရဲ့ ထိန်းချုပ်နိုင်မှု ကျဆင်း

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအရှေ့တောင်ပိုင်းကို စစ်ကောင်စီရဲ့ စစ်ရေးနဲ့ အုပ်ချုပ်မှု နှစ်ခုစလုံးမှာ သိသိသာသာ ကျဆင်သွားတယ်လို့ ကရင်ငြိမ်းချမ်ရေးအထောက်အကူပြုကွန်ယက် (KPSN) က စက်တင်ဘာ ၂၆ ရက် အစီရင်ခံစာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
“အာဏာဟန်ချက် အပြောင်းအလဲ” လို့အမည်ပေးထားတဲ့ အစီရင်ခံစာမှာ အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခု ဇူလိုင်လအထိ ကရင်အမျိုးသားအစည်းအရုံး / ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNU/KNLA နဲ့ မဟာမိတ်တွေရဲ့ စစ်ရေးထိုးစစ်ကြောင့် စစ်ကောင်စီတပ်စခန်း ၆၂ ခု ဆုံးရှုံးခဲ့ကြောင်း အစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီလက်လွှတ်ခဲ့ရတဲ့ စခန်းတွေဟာ သထုံခရိုင်မှာ ၁၇ ခု ၊ တောင်ငူမှာ ၆ ခု ၊ ညောင်လေးပင်မှာ ၁၃ ခု ၊ တနင်္သာရီမှာ ၁ ခု ၊ဖာပွန်မှာ ၂၁ ခု ၊ ကြာအင်းဆိပ်ကြီးမှာ ၅ ခုတို့ဖြစ်ပါတယ်။
စစ်ကောင်စီတပ်စခန်းလက်လွတ်ရမှုအများဆုံးဟာ ကရင်ပြည်နယ်အတွင်း ဖာပွန်ဒေသမှာဖြစ်တယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် ရဲ့စာတမ်းအရသိရပါတယ်။
သံလွင်မြစ်ကမ်းတလျောက်က အဓိကစစ်စခန်းတွေကို စစ်ကောင်စီတပ်က ဆုံးရှုံးထားတယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် ရဲ့တာဝန်ရှိသူတစ်ဦးကပြောကြားထားပါတယ်။
KNU ရဲ့ ဗျုဟာအရ အောင်မြင်မှုအနေနဲ့ ထိုင်းနိုင်ငံနဲ့ထိစပ်နေတဲ့ နယ်နိမိတ်တွေကို ထိန်းချုပ်မှုပိုရလာတယ်လို့ ဆိုပါတယ်။
ကေအန်ယူနဲ့ တခြားပူးပေါင်းတပ်ဖွဲ့တွေ ပေါင်းပြီး စစ်ကောင်စီစခန်းတွေကို ဆက်တိုက်သိမ်းပိုက်မှုနဲ့ တိုက်ပွဲတွေအပြင် စစ်ကောင်စီဘက်က လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ နေရာမရွေး ပစ်ခတ်တိုက်ခိုက်မှုကြောင့်  စစ်ဘေးရှောင်တွေ တနေ့ထက်တနေ့ ပိုမိုများပြားလာတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ကူသုံးတိုက်ခိုက်မှုတွေဟာ စစ်ကောင်စီ ဆုံးရှုံးလိုက်ရတဲ့နယ်မြေတွေကို ပြန်မရပေမယ့် KNU နယ်မြေမှာ စစ်ရှောင် အရေအတွက် ၆ သိန်းကျော် ရှိလာစေတယ်လို့ သိရပါတယ်။
၂၀၂၃ ခု ဇူလိုင်လအတွင်း  စစ်ဘေးရှောင်အိုင်ဒီပီ ၁ သိန်းကျော်အထိ တိုးလာကြောင်း ပြောပါတယ်။
ဒီလိုစစ်ဘေးရှောင် ၆ သိန်းကျော်ရဲ့လာမယ့် တနှစ်စာအတွက် လူသားချင်း စာနာထောက်ထားမှုအကူအညီ ဒေါ်လာ ၄၃ သန်း လိုအပ်နေကြောင်းလည်း ပြောပါတယ်။
စစ်ဘေးဒုက္ခသည်တွေအတွက် အခြေခံစားသောက်ကုန်အပြင် ဆေးဝါး၊ အဆောက်အအုံ၊ ကျောင်းစတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ပြည်သူလူထုတွေ လိုအပ်နေတဲ့ အကူအညီတွေကို ကောင်းကောင်းမွန်မွန် ရောက်ရှိအောင် နိုင်ငံတကာအနေနဲ့က ဆက်လက်အထောက်အကူပြုပေးဖို့နဲ့ စကစရဲ့ တရားဝင်မှု မရှိစေဖို့  ကြိုးပမ်းလုပ်ဆောင်ဖို့လည်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်က တိုက်တွန်းပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly