စစ်ကောင်စီကျူးလွန်မှုတွေ ICC လွှဲပြောင်းကိုင်တွယ်ဖို့ ကုလလူ့အခွင့်အရေးကော်မရှင်နာမင်းကြီး တိုက်တွန်း

By မဇ္ဈိမ 
27 September 2023
စစ်ကောင်စီကျူးလွန်မှုတွေ ICC လွှဲပြောင်းကိုင်တွယ်ဖို့ ကုလလူ့အခွင့်အရေးကော်မရှင်နာမင်းကြီး တိုက်တွန်း

မြန်မာနိုင်ငံအတွင်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုမို ဆိုးရွားလာနေတာနဲ့ ပြစ်မှု ကျူးလွန်သူတွေကို အရေးယူခြင်း မရှိတာတွေကြောင့် ဒီကိစ္စကို ICC - နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ကိုင်တွယ် ဖြေရှင်းနိုင်ရေး လုံခြုံရေးကောင်စီက အဆိုပြုပေးဖို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Volker Türk က စက်တင်ဘာလ ၂၆ ရက်နေ့ကထပ်မံ တောင်းဆိုလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၅၄ ကြိမ်မြောက် အစည်းအဝေးမှာ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က မြန်မာနိုင်ငံအကြောင်း အစီရင်ခံစာ တင်သွင်းတဲ့နေရာမှာ မြန်မာစစ်တပ်ဟာ အရပ်သားပြည်သူတွေကို တိုက်ခိုက်မှုတွေ တိုးလုပ်လာနေတာဟာ အဓိကတွေ့ရှိချက်အနေနဲ့ ပါဝင်တဲ့အကြောင်း ပြောသွားပါတယ်။

မြန်မာပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ ထိတ်လန့် တုန်လှုပ်ဖွယ် တိုက်ခိုက်မှုတွေ ခံနေရတဲ့အပြင် ၊ လူ့အခွင့်အရေးတွေ ပြောင်ပြောင်းတင်းတင်း ချိုးဖောက်ခံနေရပြီး အသက်ရှင် ရပ်တည်မှုနဲ့ အနာဂတ်အတွက် မျှော်လင့်ချက်တွေလည်း ပြိုကျ ပျက်ဆီးခြင်းနဲ့ ရင်ဆိုင်နေကြရတယ်လို့ ပြောဆိုခဲ့ပါတယ်။

Volker Türk က ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ကနေ အခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အကြားဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိင်ငံအတွင်းက အခြေအနေတွေကို အစီရင်ခံ တင်ပြတာမှာ အဲဒီကာလအတွင်း မြန်မာစစ်တပ်ဟာ အရပ်သား ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ တိုးမြှင့်လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်ဟာ သူ့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် ကျူးလွန်နေတဲ့အပြင် အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ စာနာမှုဆိုင်ရာ အကူအညီတွေ အဟန့်အတားမရှိ ပေးပို့ခွင့်ပြုဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အကြိမ်ကြိမ် တောင်းဆိုတာကိုလည်း လူမဆန်စွာ မျက်ကွယ်ပြုနေတယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ လေကြောင်းတိုက်ခိုက်တာ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်တာနဲ့ ရွာတွေကို မီးရှို့တဲ့ နည်းလမ်းသုံးခုနဲ့ အရပ်သားပြည်သူတွေကို ဖိနှိပ်နေတဲ့အကြောင်း၊ ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေအရ စက်တင်ဘာလ ၂၅ ရက်နေ့အထိ စစ်တပ်နဲ့ စစ်တပ်ထောက်ခံတဲ့ စစ်သွေးကြွအဖွဲ့တွေရဲ့လက်ချက်နဲ့ လူအနည်းဆုံး ၄၁၀၈ ဦး သေဆုံးခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

စစ်တပ်ရဲ့ မြေပြင် စစ်ဆင်ရေးတွေအတွင်းမှာ လူအနည်းဆုံး ၁၀ ဦးထက်မနည်း သေဆုံးတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၂၂ ကြိမ် ဖြစ်ပွားခဲ့တဲ့အကြောင်း၊ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းဒေသမှာ နေအိမ်အဆောက်အဦးပေါင်း ၇၅၀၀၀ ကျော်ကို မီးရှို့ ဖျက်ဆီးခဲ့ပြီး အဲဒီဒေသဟာ မီးရှို့ဖျက်ဆီးခံရမှု အများဆုံးဖြစ်ကြောင်း လူ့အခွင့်အရေး မဟာမင်းကြီးက ပြောသွားပါတယ်။

စစ်တပ်ဆန့်ကျင်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့လည်း လူ့အခွင့်အရေး မဟာမင်းကြီး Volker Türk က ပြောသွားပါတယ်။
ပစ်မှတ်ထားသတ်ဖြတ်မှုတွေနဲ့ အများပြည်သူနေရာတွေကို ဗုံးခွဲတိုက်ခိုက်တာလိုမျိုး စစ်တပ်ဆန့်ကျင်ရေး အုပ်စုတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေလည်း ဆက်ဖြစ်နေပါတယ်။ ဒါပေမဲ့ စစ်တပ်ကကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ နှိုင်းယှဉ်လို့ မရလောက်အောင် အတိုင်းအတာက သေးငယ်ပါတယ်လို့ဆိုပါတယ်။

အရေးကြီးတာက စစ်တပ်ကို ဆန့်ကျင်တဲ့အုပ်စုတွေဟာ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှု ဥပဒေတွေ၊ အရပ်သား ပြည်သူတွေကို အကာအကွယ်ပေးရမဲ့ စည်းမျဉ်းစည်းကမ်းတွေကို လေးစာလိုက်နာမှု ရှိကြတယ်ဆိုတာလည်း ပြောချင်ပါတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ သူတို့ကိုယ်တိုင် ပါဝင်သဘောတူထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ကို အခုချိန်ထိ အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေတဲ့ကိစ္စကိုလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk တင်ပြတဲ့ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly