စစ်ကောင်စီကျင်းပမည့် အင်းလေးဖောင်တောင်ဦးဘုရားပွဲ မပူးပေါင်း မပါဝင်ခြင်းဖြင့် တော်လှန်ကြရန် JMC Innlay အဖွဲ့ တိုက်တွန်း

By ရောင်နီ(မဇ္စျိမ)
27 September 2023
စစ်ကောင်စီကျင်းပမည့် အင်းလေးဖောင်တောင်ဦးဘုရားပွဲ မပူးပေါင်း မပါဝင်ခြင်းဖြင့် တော်လှန်ကြရန် JMC Innlay အဖွဲ့ တိုက်တွန်း
ပုံအညွှန်း - စစ်ကောင်စီကျင်းပသည့် အင်းလေးဖော်တော်ဦးဘုရားပွဲတွင် အသုံးပြုမည့် ဘုရားဆွဲလှေများ ပြင်ဆင်နေကြစဥ်။ (ပုံ - JMC-Innlay)

ကိုဗစ်ကပ်ရောဂါကာလနှင့် စစ်အာဏာသိမ်းမှုကြောင့် သုံးနှစ်ကြာရပ်ဆိုင်းခဲ့ရသည့် အင်းလေး ဖောင်တော်ဦးဘုရားပွဲ စစ်ကောင်စီက  ပြန်လည်ကျင်းပမည့်အပေါ်   ပြည်သူများအနေဖြင့် မပူးပေါင်း မပါ ၀င်ခြင်းဖြင့် တော်လှန်ကြရန် Justice Movement for Community-Innlay က တိုက်တွန်းသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ဖောင်တော်ဦးမြတ်စွာဘုရား ဒေသစာရီ ကြွချီပူဇော်ပွဲတော်ကို အောက်တိုဘာ ၁၅ ရက်မှ နို၀င်ဘာလ ၁ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာများက ဇူလိုင်လတွင် အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

“ အင်းလေးဘုရားပွဲကို အမှီပြုပြီး အကြမ်းဖက်စစ်အုပ်စုက လူမျိုးရေး၊ ဘာသာရေးကို ခုတုံးလုပ်မယ်။ နိုင်ငံရေး အမြတ်ထုတ်မယ်။ ဒီအခြေအနေအပေါ်မှာ လူထုက ပါးပါးနပ်နပ်ရှောင်ကြဖို့ လိုအပ်ပါတယ်” ဟု JMC-Innlay အဖွဲ့မှ ဒေါ်ယုလှိုင်သင်းက မဇ္စျိမကို ပြောသည်။
အင်းလေးဖောင်တော်ဦးဘုရားပွဲသည် ကမ္ဘာတွင်ထင်ရှားကျော်ကြားသည့် မြန်မာ့ရိုးရာပွဲလမ်းသဘင်ဖြစ် သည့်အတွက် စစ်ကောင်စီက ဘုရားပွဲကျင်းပကာ နိုင်ငံရေးအရ အမြတ်ထုတ်ရန် ကြိုးစားနေခြင်းဖြစ် ကြောင်း  ၎င်းက ဆိုသည်။

“အခုအချိန်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်နေတဲ့ လူငယ်တွေက တောထဲမှာ။ တချို့က ဖမ်းဆီးခံ ထားရတယ်၊ ထွက်ပြေးတိမ်းရှောင်ရတာတွေလည်း ရှိတယ်။ နောက်ပြီး ဒေသတွင်းမှာလည်း စားဝတ်နေ ရေးကျပ်တည်းတာတွေရှိနေတဲ့အချိန်  ရိုးရာပျက်မှာစိုးလို့ ဘုရားပွဲလုပ်တယ်ဆိုတာမျိုးက မဖြစ်သင့်ပါ ဘူး” ဟု လည်းပြောသည်။

ထို့ကြောင့် အကြမ်းဖက်စစ်အုပ်စုကို အားပေးထောက်ခံသည့်သဘော မသက်ရောက်စေရန်အတွက် ဘုရားပွဲတွင် မပူးပေါင်း မပါ၀င်ခြင်းဖြင့် တော်လှန်ဆန့်ကျင်ကြရန် အင်းလေးဒေသခံများနှင့် ပြည်သူများ ကို JMC-Innlay အဖွဲ့က တိုက်တွန်းသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အဖြစ် တာ၀န်ထမ်းဆောင်နေသည့် အင်းသားလူမျိုး ရဲဘော်ကိုဗင်းက “သံဃာတော်တွေအပါအဝင် အင်းသူအင်းသားတွေအနေနဲ့ ဘုရားပွဲဖြစ်မြောက်ရေးအတွက် လုပ်ကြမယ့် အစား ကျွန်တော်တို့အထွတ်အမြတ်ထားတဲ့  ဖောင်တော်ဦးဘုရားကိုအုပ်ထားတဲ့ ဖန်အုပ်ဆောင်းကြီးကို ဖယ်ဖို့ပဲ ကြိုးစားစေချင်တယ်။ အဓိကနဲ့သာမညကို သိစေချင်တယ်။

 ဘုရားပွဲလုပ်ခြင်းကြောင့် နောက် ဆက်တွဲကိစ္စရပ်တွေမှာ တော်လှန်ရေးအပေါ် အာရုံစိုက်မှုနည်းလာတာတွေ၊ ထောက်ပံ့ကူညီမှု လျော့ နည်းလာတာတွေဖြစ်မှာ စိုးရိမ်ပါတယ်” ဟု ဆိုသည်။

စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများနှင့် အုပ်ချုပ်ရေးအဖွဲ့များကလည်း အင်းလေးကန်ဝဲယာ ၂၁ ဌာနကို ၁၈ ရက်ကြာ ဒေသစာရီလှည့်လှည်အပူဇော်ခံမည့် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားပွဲအား စည်ကားစွာကျင်းပနိုင်ရန် တရွာလျှင် ဘုရားဆွဲလှေတစီး မဖြစ်မနေလိုက်ပါခိုင်းခြင်းအပြင် ဘုရားပွဲကို ဒေသခံများအားလုံး ပူးပေါင်းပါ၀င်ကြရန် ဖိအားပေးညွှန်ကြားမှုများရှိနေကြောင်း သိရသည်။

ထို့ပြင် ယခုနှစ်တွင် ပြန်လည်ကျင်းပမည့် ဖောင်တော်ဘုရားပွဲလုံခြုံရေးကို ပအိုဝ်းတိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့(PNA/PNO)ကတာ၀န်ယူဆောင်ရွက်မည်ဖြစ်ပြီး ယင်းသို့ လုံခြုံရေးဆောင်ရွက်နိုင်ရန် ငွေ ကြေးကောက်ခံမှုပြုလုပ်နေသည့်အပေါ်  ဒေသခံများအကြား ဝေဖန်မှု ရှိနေသည်။

“  အစကတော့ ရိုးရာဘုရားပွဲဆိုတော့ ဖြစ်မယ်ဆိုရင် ဒေသခံတွေက ပွဲလုပ်စေချင်ကြတယ်။ ဒါပေမယ့် အခုက ဘုရားပွဲလုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချပြီးတဲ့နောက် ဘုရားပွဲလုံခြုံရေးကို PNO အဖွဲ့က တာ၀န် ယူမယ်ဆိုတာ ဖြစ်လာတယ်။ အဲဒီတော့ ဘုရားပွဲလုံခြုံရေးအတွက် PNO အဖွဲ့ကို အိမ်ထောင်စုတစု ကျပ် ၁၀,၀၀၀ ပေးရမယ်။ အရင်က ဘုရားပွဲဆို ညောင်ရွှေရဲစခန်းနဲ့ နန်းပန်ရဲစခန်းက ရဲတွေက လုံခြုံရေးလုပ် ပေးတယ်၊ သူတို့ကို ဘာမှပေးစရာမလိုဘူး။ အခုက စစ်ကောင်စီက  အတင်းအကျပ် ဖိအားပေးလုပ်ခိုင်းလို့  လုပ်ရတဲ့ပွဲမှာ PNO ကို ပိုက်ဆံပေးရမယ့်အပေါ်  အင်းသားတွေကမကြိုက်ကြဘူး” ဟု အင်းလေးဒေသခံ တဦးက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသသို့ ပြည်ပခရီးသွားလာရောက်မှု မရှိ သလောက်နည်းပါးခဲ့ပြီး ပြည်တွင်းခရီးသွားများလည်း အနည်းငယ်သာ လာရောက်တော့သည့်အတွက် ဒေသတွင်းရှိ စီးပွားရေးလုပ်ငန်းများ အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။

သို့သော် ယခုအခါ အင်းလေးဖောင်တော်ဦးဘုရားပွဲ ပြန်လည်ကျင်းပမည်ဖြစ်သည့်အတွက် ဒေသတွင်း စီးပွားရေးလုပ်ငန်းများနှင့်စက်လှေသမားများက စားဝတ်နေရေးအခက်အခဲ ပြေလည်လာနိုင်မည်ဟု မျှော် လင့်နေကြသော်လည်း နောက်ဆက်တွဲအကျိုးဆက်များကို သတိပြုသင့်ကြောင်း ညောင်ရွှေဒေသခံတဦး က ပြောသည်။

“ဘုရားပွဲဖြစ်မြောက်ရင် ဘုရားဖူးဧည့်သည်တွေကြောင့် အရောင်းအဝယ်တွေ စက်လှေမောင်းတာတွေ ကနေ ဝင်ငွေအခွင့်အလမ်းတွေ အများကြီးရနိုင်မယ်လို့ ပြောကြတယ်။ ဒါပေမယ့် အင်းထဲမှာ ဘုရားပွဲဖြစ် ရင် လောင်းကစားနဲ့ မူးယစ်ဆေးဝါးက တအားပေါတယ်။ အခုကာလဆို ပိုဆိုးမှာ။ ပြောချင်တာက ရိုးရာ ဘုရားပွဲဆိုပေမယ့် နောက်ဆက်တွဲရလဒ်က ဒေသခံလူထုတွေရဲ့ အိတ်ကပ်ထဲက ငွေကို နည်းအမျိုးမျိုးနဲ့ နှိုက်ယူလို့ရတဲ့ လမ်းကြောင်းတွေ အများကြီး ရှိနေတယ်” ဟု ၎င်းက ဆိုသည်။

အင်းလေးဖောင်တော်ဦးဘုရားပွဲကျင်းပရန် နီးကပ်လာသည့် ယခု စက်တင်ဘာလနှောင်းပိုင်းမှ စတင်ပြီး စစ်ကောင်စီတပ်က ဒေသအတွင်းလုံခြုံရေးတင်းကျပ်ထားကာ အကြောင်းမဲ့ဖမ်းဆီးခြင်းများ ဆက်တိုက် ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးဒေသသည် စစ်ကောင်စီကို ခုံခံတိုက်ခိုက်မှု အား ကောင်းနေသည့် ကရင်နီပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး လက်ရှိအချိန်တွင်လည်း စစ်ကောင်စီ တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြားဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကရင်နီ ပြည်နယ်မှ စစ်ဘေးရှောင်များစွာ အင်းလေးကန်အတွင်း လာရောက်တိမ်းရှောင် နေထိုင်လျက်ရှိသည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly