ထားဝယ်တွင် လူမှုကူညီရေးအဖွဲ့ တည်ထောင်သူကို PDF အဖွဲ့ ပြန်လွှတ်၊ သိမ်းယူထားသည့် ဖုန်းတွင် စစ်ကောင်စီနှင့် ပူးပေါင်းထားသည့် အချက်အလက်များတွေ့ရှိ

By ကိုရွှေမြိတ်(မဇ္ဈိမ)
27 September 2023
ထားဝယ်တွင် လူမှုကူညီရေးအဖွဲ့ တည်ထောင်သူကို PDF အဖွဲ့ ပြန်လွှတ်၊ သိမ်းယူထားသည့် ဖုန်းတွင် စစ်ကောင်စီနှင့် ပူးပေါင်းထားသည့် အချက်အလက်များတွေ့ရှိ
ပုံအညွှန်း-ဖမ်းဆီးခံခဲ့ရသည့် လူမှူကူညီရေးအဖွဲ့ တည်ထောင်သူ ဦးနိုင်မျိုးသွင်(ဓာတ်ပုံ- ပေးပို့)

ထားဝယ်မြို့ အခြေစိုက် ဇမ္ဗူသီရိ အရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့ တည်ထောင်သူ ဦးနိုင်မျိုးသွင်အား ထားဝယ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့(DDT)က ယမန်နေ့တွင် ပြန်လွှတ်ပေးခဲ့ပြီး ၎င်းထံမှ သိမ်းယူထားသည့် ဖုန်းနှစ်လုံးတွင် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ထားသည့် အချက်အလက်များကို တွေ့ရှိရ DDT အဖွဲ့ တာဝန်ရှိသူ ကိုပီတာက ပြောသည်။

ဦးနိုင်မျိုးသွင်အား စက်တင်ဘာလ ၁၆ ရက်တွင် ဖမ်းဆီးခဲ့ပြီး ယမန်နေ့ စက်တင်ဘာလ ၂၆ ရက်တွင် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အာဏာသိမ်းကာလအတွင်း စစ်ကောင်စီရဲ့ဝန်ကြီး၊ နယ်လုံဝန်ကြီးတို့ စတဲ့ အကြီးပိုင်းတွေနဲ့ပေါင်းပြီး တရားမဝင်ကားလုပ်ငန်းအပါအဝင် တရားမဝင်ငွေမဲလုပ်ငန်းလုပ်ကိုင်ထားတာတွေကိုလည်း ဖုန်းထဲမှာ သက်သေအထောက်အထားတွေနဲ့ တကွစစ်ဆေးတွေ့ရှိရတယ်” ဟု ကိုပီတာက ပြောသည်။

ထို့ပြင် တော်လှန်ရေးအဖွဲ့၊ သပိတ်အဖွဲ့နှင့် ပတ်သက်သည့် အချက်အလက်များကို စစ်ကောင်စီထံ ပေးပို့ထားသည့် သက်သေများကိုတွေ့ရပြီး လိုင်စင်မဲ့ကားဖမ်းခံရသူများထံက   ကားတစီးလျှင် ကျပ်သိန်း ၅၀ ကောက်ခံထားသည့် အချက်အလက်များလည်း တွေ့ရှိရကြောင်း ၎င်းကဆိုသည်။

 ဦးနိုင်မျိုးသွင်ထံမှ သိမ်းယူထားသည့် ဖုန်းနှစ်လုံးဖုန်းပါ အချက်အလက်များကို အသေးစိတ် စိစစ်နေဆဲဖြစ်ပြီး စစ်ဆေးမှုပြီးစီးပါကာ ပြန်ပို့ပေးမည်ဖြစ်ကြောင်း သိရသည်။

 စက်တင်ဘာလ ၁၆ ရက်နေ့က မြေပြိုမှု ဖြစ်ပွားသည့် လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာတွင် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်ပြီး အရေးပေါ် ကားများဖြင့် ပြန်လာသည့် ဦးနိုင်မျိုးသွင်အား  ညင်းမော်ရွာ ဆီအုန်းတော အနီး (ကြယ်တောင်) တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း DDT အဖွဲ့ထံက သိရ သည်။

“ဟုတ်ပါတယ်။  မနေ့ကပဲ ခံဝန်ထိုးပြီး ပြန်လွတ်ပေး လိုက်တာပါ ။ သူကို ကျွန်တော်တို့ အဖွဲ့က တာဝန်ရှိသူတွေ ဖမ်းဆီးထားစဉ် ကာလ အတွင်း နှိက်စက် ရိုက်နက်ခြင်း မရှိဘဲ ကောင်းကောင်း မွန်မွန်ပဲ စစ်ဆေး စရာရှိတာလေးတွေကို စစ်ဆေးပြီး ပြန်လွတ်ပေးလိုက်တာ ဖြစ်တယ်”လို့ DDT အဖွဲ့မှ ရဲဘော် တစ်ဦးက ဆို သည်။

လက်ရှိ ဦးနိုင်မျိုးသွင် ပြန်လည် လွတ်မြောက်လာမှုနှင့် ပတ်သက်ပြီး ဇမ္ဗူသီရိပရဟိတအဖွဲ့ထံ ဆက်သွယ် မေးမြန်းခဲ့ရာ ပြန်လည် လွတ်မြောက်လာသည်မှာ ဟုတ်မှန်ကြောင်း ပြောဆိုထားပြီး သက်ဆိုင်ရာ စစ်ကောင်စီ တပ်ဖွဲ့က လာရောက် ခေါ်ယူ စစ်ဆေးမှုများလည်း ပြုလုပ်ခဲ့သည်ဟု ယင်း အဖွဲ့ထံက သိရ သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly