ကျုံဒိုးတွင် ၂၅ ရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၃၈ ဦးသေဆုံး

By YT(မဇ္ဈိမ)
27 September 2023
ကျုံဒိုးတွင် ၂၅ ရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၃၈ ဦးသေဆုံး
ပုံအညွှန်း- ဂဠုန်စစ်ကြောင်းမှ ရဲဘော်များ ဝေဟင်စစ်ဆင်ရေးပြုလုပ်နေစဉ် (ဓါတ်ပုံ- ဂဠုန်စစ်ကြောင်း (ပုံဟောင်း)

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်တွင်  စစ်ကောင်စီတပ်သားများနှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း (၆) ဂဠုန်စစ်ေကြာင်း၊ Lion Battalion Commando တပ်ခွဲ (၂) ၊ကျားဖြူစစ်ကြောင်း တပ်ခွဲ (၃) ပူးပေါင်းတပ်ဖွဲ့များ​အကြား ၂၅ ရက်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၃၈ ဦးသေဆုံးခဲ့ကြောင်း ဂဠုန်စစ်ကြောင်းက ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ၂၅ ရက်တာအတွင်း ဖြစ်ပွားခဲ့သော နှစ်ဖက်ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီဘက်တွင် အရာရှိများအပါအဝင် ၃၈ ဦးသေဆုံး၍ ၂၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာလ ၁ ရက်နေ့မှစ၍ ကျုံဒိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်သားများ အခြေချရာ ခြေလျင်တပ်ရင်း ခလရ (၂၃၀)၊ (၂၀၈)၊ ခြေမြန်တပ်ရင်း ခမရ (၅၄၅)၊ (၅၄၆)တို့အပြင် ငါးတိုင်တောင်ပြ၊ ခုနစ်တိုင်လမ်းဆုံ၊ တောင်ကြာအင်းရဲစခန်း၊ မြောက်ကြာအင်းတံတားထိပ် စစ်ကောင်စီကင်းပုန်းတို့အား တပ်မဟာ (၆) KNDO ပါဝင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မြေပြင်မှသာမက လေကြောင်းမှပါ ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ခြင်းကို ပြုလုပ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့အပြင် စက်တင်ဘာလ ၂၂ ရက်နေ့တွင် တောင်ကြာအင်း စံပြကျေးရွာအတွင်းသို့ အင်အားဖြည့်ရန် စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်ကိုလည်း တပ်မဟာ (၆) KNDO ပါဝင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မြေပြင်မှသာမက လေကြောင်းမှပါ ဒရုန်းဖြင့်ပါ တိုက်ခိုက်သဖြင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့သည်။

တိုက်ပွဲများသည် ယမန်နေ့ စက်တင်ဘာလ ၂၆ ရက်နေ့အထိ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်သားများသည် တောင်ကြာအင်းကျေးရွာ စာသင်ကျောင်းနှင့် ဆင်နှစ်ကောင်ဘုန်းကြီးကျောင်းအတွင်း အထိုင်ချတပ်စွဲထားလျက်ရှိကြောင်း သိရသည်။

"လက်ရှိ စစ်ရေးအခြေအနေကတော့ ဟိုဘက်ဒီဘက် အပြန်အလှန် စောင့်ကြည့်နေကြဆဲဖြစ်ပါတယ်။ ဒေသခံတွေက လက်ရှိ ပုံမှန်သွားလာနေကြပေမယ့် တချို့စျေးဆိုင်တွေတော့မဖွင့်ဘူး" ဟု ဂဠုန်စစ်ကြောင်းမှ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။

စက်တင်ဘာလ ၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း တပ်မဟာ (၆) KNDO ပါဝင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်တွင်လည်း ရဲဘော်နှစ်ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ် ပိုင်ဆိုင်သည့် ဟိုက်ဂျက်ကားတစ်စီးကိုပါ ဖျက်ဆီးနိုင်ခဲ့ကြောင်း ဂဠုန်စစ်ကြောင်းက ဖော်ပြသည်။

ထို့ပြင် ကျုံဒိုးမြို့နယ်အတွင်း အထိုင်ချ စစ်ကောင်စီတပ်များနှင့် စစ်ကြောင်းထိုး စစ်ကောင်စီတပ်သားများ​၏ ကျေးရွာများအတွင်း လက်နက်ကြီး ပစ်ခတ်မှုများကြောင့် စက်တင်ဘာလ ၁ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း တောင်ကြာအင်း စံပြကျေးရွာနှင့် နောင်တလာကျေးရွာမှ ဒေသခံနှစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
 
ကျုံဒိုးမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေတွင်း တည်ရှိပြီး နယ်မြေခံ တပ်မဟာ (၆) KNLA၊ KNDO ပါဝင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ​နှင့် စစ်ကောင်စီတပ်သားများသည် မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားလေ့ရှိကာ ဒေသအတွင်း အထိုင်ချနေသော စစ်ကောင်စီတပ်ရင်းများ၊ ဂိတ်စခန်းများသည်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ​၏ တိုက်ခိုက်ခြင်းကို မကြာခဏ ခံရလေ့ရှိသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly