NLD တည်ထောင်ခြင်း ၃၅နှစ်မြောက်တွင် ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးကို စိုးရိမ်ကြောင်းအလေးပေးဖော်ပြ

By မိုးသောက် မဲဆောက်(မဇ္ဈိမ)
27 September 2023
NLD တည်ထောင်ခြင်း ၃၅နှစ်မြောက်တွင် ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးကို စိုးရိမ်ကြောင်းအလေးပေးဖော်ပြ
Photo-AFP

ယနေ့တွင်ကျရောက်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီတည်ထောင်ခြင်း ၃၅နှစ်မြောက် သတင်းထုတ်ပြန်ချက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် ပါတီ၏ဥက္ကဋ္ဌလည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့်လွတ်မြောက်ရေးတို့အတွက် အလေးပေးဖော်ပြထားသည်။

၂၀၂၁ခုနှစ်ဖေဖော်ဝါရီလ ၁ရက်နေ့က စတင်ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံသည် အသက်အရွယ် ၇၈နှစ်ရှိပြီဖြစ်သည့်အတွက် ကိုယ်စိတ်နှစ်ပါးကျန်းမာရေးကို အထူးအလေးအထားရမည့်အရွယ်ဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲတွင် ရေးသားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်ပြီး ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးက “ ပါတီဥက္ကဋ္ဌ၏ ကျန်းမာရေးက အနည်းငယ်ချို့ယွင်းနေတယ်ဆိုတဲ့ သတင်းတွေတော့ ကြားပါတယ်။သေချာအတည်ပြုဖို့က လိုအပ်ချက်တွေရှိပါသေးတယ်။"ဟု ပြောသည်။

စစ်ကောင်စီ၏အချုပ်ထောင်တွင် ဒေါ်အောင်ဆန်းစုကြည်အတွက် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု မရရှိသည့်အပြင် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာနှင့် နေရာထိုင်ခင်းတို့ကို သင့်တင့်မျှတအောင် ဆောင်ရွက်မထားဘဲ အသက်အန္တရာယ်ရှိစေရန် ရည်ရွယ်ဖန်တီးထားသည်ဟု ဆိုသည်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မမျိုးစုံတပ်ပြီး နှစ်ပေါင်းများစွာထောင်ဒဏ်များ ချမှတ်ထားလျက်ရှိနေသည်။ ပါတီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်က ပြစ်ဒဏ်များကို လုံးဝမကျူးလွန်းထားခြင်းမရှိဟု အပြည့်အဝယုံကြည်ထားကြသည်။

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ကုလသမဂ္ဂ၊ အနောက်ဥရောပနိုင်ငံများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများကလွတ်မြောက်ရေးလမ်းစကို ရှာဖွေနေကြသည်ဟု ထုတ်ပြန်ချက်ထဲမှာရေးသားထားသည်။

အဖွဲ့ချုပ်ခေါင်းဆောင်နှင့် နိုင်ငံရေးအကျဥ်းသားများအားလုံး အမြန်ဆုံး ခြွင်းချက်မရှိလွတ်မြောက်စေရန် ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံအသိုက်အဝန်းနှင့် အိမ်နီးနားချင်းနိုင်ငံခေါင်းဆောင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်တွင်းပြည်ပ တော်လှန်ရေးအင်အားစုများက ကြိုးပမ်း အားထုတ်နေမှုများကို အလေးထားအသိအမှတ်ပြုလျက် ဆက်လက်၍ ယခုထက် ပိုမိုအားကောင်းသော တွန်းအားဖြင့် ဝန်းရံတိုက်တွန်းပေးကြပါရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အ‌လေးအနက်တောင်းဆို မေတ္တာရပ်ခံထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly