အီးယူ၏ ဖိအားပေးမှုရှိနေစဉ် မလေးရှားက တရုတ်သို့ စားအုန်းဆီတင်ပို့မှု တိုးမြှင့်မည်

By AFP
27 September 2023
အီးယူ၏ ဖိအားပေးမှုရှိနေစဉ် မလေးရှားက တရုတ်သို့ စားအုန်းဆီတင်ပို့မှု တိုးမြှင့်မည်

သစ်တောပြုန်းတီးစေမှုများအပေါ် ပစ်မှတ်ထားသည့် ဥရောပသမဂ္ဂ (အီးယူ) ၏ ပိတ်ပင်ကန့်သတ်ချက်အသစ်များ၏ ဖိအားပေးမှုကို ရင်ဆိုင်နေရစဉ် မလေးရှားသည် တရုတ်သို့ စားအုန်းဆီ တင်ပို့မှုများကို တနှစ်လျင် တန်ချိန် ၅၀၀,၀၀၀ မျှ တိုးမြှင့်သွားမည် ဖြစ်ကြောင်း အကြီးတန်းဝန်ကြီးတဦးက စက်တင်ဘာ ၂၅ ရက်တွင် အေအက်ဖ်ပီကို ပြောသည်။

အီးယူသည် တောပြုန်းစေခဲ့သည့် မြေပေါ်မှ ကုန်ပစ္စည်းများအပေါ် ပိတ်ပင်သည့် စည်းမျဉ်းသစ်များကို ယခုနှစ်တွင် မိတ်ဆက်ခဲ့ပြီး ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုအပေါ် တိုက်ဖျက်ရေးအတွက် အားထုတ်မှုတို့ လုပ်ဆောင်နေခဲ့သည်။

ကမ္ဘာ့ စားအုန်းဆီ ထွက်ရှိမှု ပမာဏ၏ ၈၅ ရာခိုင်နှုန်းကို အတူတကွ ထုတ်လုပ်နေသည့် မလေးရှားနှင့် အင်ဒိုနီးရှားတွင် မိုးသစ်တောများ ပျက်စီးခြင်းကို စားအုန်းဆီက အကြောင်းဖန်တွန်းအားပေးလျက် ရှိကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူများက ဝေဖန်ကြသည်။

သို့သော် စားအုန်းဆီ ထုတ်လုပ်သူ နိုင်ငံများတွင် အီးယူ၏ စည်းမျဉ်းများက အလွန်တရာ အငြင်းပွားဖွယ်ရာ ဖြစ်နေခဲ့ပြီး မလေးရှားနှင့် အင်ဒိုနီးရှားတို့က အီးယူစည်းမျဉ်းများကို ဆန့်ကျင်ကန့်ကွက်လျက် ရှိသည်။

မလေးရှား၏ စိုက်ပျိုးရေးနှင့် ကုန်ပစ္စည်းဆိုင်ရာ ဝန်ကြီး ဖာဒီလာ ယူဆော့ဖ်က ၎င်းတို့နိုင်ငံအနေဖြင့် စားအုန်းဆီ အဓိက တင်သွင်းသူ နိုင်ငံတနိုင်ငံဖြစ်သည့် တရုတ်ထံ စားအုန်းဆီ တင်ပို့မှုများ တိုးမြှင့်ပြီဖြစ်ကြောင်း ပြောသည်။

“မလေးရှားဆီကနေ စားအုန်းဆီနဲ့ ဆီအုန်း အခြေပြု ထုတ်ကုန်တွေကို တရုတ်ရဲ့ တင်သွင်းမှုက ၂၀၂၂ မှာ တန်ချိန် ၃ ဒသမ ၁၄ သန်း ရှိခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

ယင်းသည် ပေကျင်းထံမှ နောက်ထပ် စားအုန်းဆီ တန်ချိန် ၅၀၀,၀၀၀ သွင်းယူမှုနှင့်အတူ ယခုနှစ်ကုန် သို့မဟုတ် လာမည့်နှစ်စတွင် ကြီးထွားလိမ့်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထိုကဲ့သို့ တင်ပို့မှု မြင့်တက်ခြင်းက မလေးရှား အခြေစိုက် စားအုန်းဆီ ထုတ်ကုန် ကုမ္ပဏီ Sime Darby Oils International နှင့် တရုတ်နိုင်ငံပိုင် Guangxi Beibu Gulf International Port Group အကြား သဘောတူညီချက်တခု၏ ရလဒ် ဖြစ်သည်။

ယင်းသည် မလေးရှားအတွက် ဥရောပ၏ အထိန်းအချုပ်များကို သေချာပေါက် ကူညီ တန်ပြန်စေလိမ့်မည်ဟု ၎င်းက ပြောသည်။

“တရုတ် သွင်းကုန်သမားတွေဟာ မလေးရှားဆီက ထုတ်လုပ်တဲ့ တန်ဖိုးထပ်ဖြည့်ထားတဲ့ ဆီအုန်း ထုတ်ကုန်တွေကို ဝယ်ယူနေကြပါတယ်” ဟု ၎င်းက ပြောသည်။

စားအုန်းဆီကို ကိတ်၊ ချောကလက်နှင့် မာဂျရင်း ကဲ့သို့ အစားအစာများအပြင် ကော်စမတ်တစ်၊ ဆပ်ပြာနှင့် ခေါင်းလျှော်ရည်တို့တွင် အသုံးပြုသည်။

တရုတ်သို့ မလေးရှား၏ စားအုန်းဆီ တင်ပို့မှုများက ၂၀၂၃ တွင် မက်ထရစ်တန် ၃ ဒသမ ၂ သန်းအထိ ရောက်ရှိဖွယ် ရှိကြောင်း ယူဆော့ဖ်က ပြောသည်။

သို့သော် မလေးရှားအနေဖြင့် ၎င်းတို့၏ စားအုန်းဆီကို လက်ရှိတွင် အိန္ဒိယပြီးလျှင် ဒုတိယမြောက် အများဆုံး တင်သွင်းသည့် ဥရောပသမဂ္ဂကို ဖယ်ခွာရန် ရည်ရွယ်ချက် မရှိကြောင်း သိရသည်။

အီးယူ၏ စည်းမျဉ်းများက “လွတ်လပ်စွာနှင့် ခွဲခြားဆက်ဆံခြင်းမရှိသည့် ဈေးကွက်ဝင်လမ်း ကို ပိတ်ဆို့စေသည့် ကုန်သွယ်မှု အတားအဆီး” တခု ဖြစ်သည်ဟု ယူဆော့ဖ်က ပြစ်တင်ပြောဆိုသော်လည်း အီးယူ၏ ရပ်တည်ချက်က အချိန်ကြာသည်နှင့်အမျှ ပြောင်းလဲလိမ့်မည်ဟု မလေးရှားအနေဖြင့် မျှော်လင့်ထားသည်ဟု ဆိုသည်။

Malaysia boosts China palm oil exports under EU pressure
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly