အငြင်းပွားရေပိုင်နက်အတွင်းရှိ တရုတ်၏ အတားအဆီးများကို ဖိလစ်ပိုင်က အထူးစစ်ဆင်ရေးဖြင့် ဖယ်ရှား

By မဇ္ဈိမ 
27 September 2023
အငြင်းပွားရေပိုင်နက်အတွင်းရှိ တရုတ်၏ အတားအဆီးများကို ဖိလစ်ပိုင်က အထူးစစ်ဆင်ရေးဖြင့် ဖယ်ရှား

တောင်တရုတ်ပင်လယ်ရှိ ငါးဖမ်းကွက်များတွင် တရုတ် တပ်ဆင်ထားသော အတားအဆီးတစ်ခုကို ဖယ်ရှားရန် အထူးစစ်ဆင်ရေးတစ်ရပ်ကို ဖိလစ်ပိုင်က စက်တင်ဘာ ၂၅ ရက် တွင်အကောင်အထည်‌ဖော် လိုက် ပြီး ထိုသို့ လုပ်ဆောင်ခြင်းသည် နှစ်ပေါင်းများစွာ တည်ရှိနေသော အာရှ၏ အပြင်းထန်ဆုံး ရေပိုင်နက်  အငြင်းပွားမှု ကို ပိုမို တင်းမာလာစေသည်။

ဖိလစ်ပိုင်မှ ကီလိုမီတာ ၂၀၀ အကွာတွင်ရှိသော ကျောက်တန်းများနှင့် အချုပ်အခြာအာဏာ ပိုင် ငါးဖမ်းခွင့်အတွက် နှစ်ပေါင်းများစွာ အဆက်မပြတ် အငြင်းပွားမှု ဖြစ်နေသော စကာဘိုရော့ခ် ကျောက်တန်း အနီးရှိ တရုတ် ရေပေါ် ဘော်ယာအတားအဆီးများကို ဖိလစ်ပိုင် ရဲတပ်ဖွဲ့ဝင်များက စက်တင်ဘာ ၂၅ တွင် ဖယ်ရှားခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းများနှင့် တကွ ထုတ်ဖော်ပြောဆိုသည်။

အဆိုပါ အတားအဆီးများနှင့် ပတ်သက်၍ ဖိလစ်ပိုင် အမျိုးသားလုံခြုံရေးအကြံပေးက အရေးယူမည် ဖြစ်ကြောင်း ကတိပြုပြီး နာရီပိုင်းအကြာ တွင် သမ္မတ မားကို့စ် နှင့်  တောင်တရုတ်ပင်လယ်ဆိုင်ရာ အထူးတပ်ဖွဲ့တို့၏ ညွှန်ကြားချက်အရ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က အတားအဆီးများ ကို ဖယ်ရှားလိုက်ကြောင်း ပြောကြားခဲ့သည်။

“အဆိုပါ အတားအဆီးသည် ရေကြောင်းသွားလာမှုကို အန္တရာယ်ဖြစ်စေပြီး နိုင်ငံတကာ ဥပဒေကို ရှင်းရှင်းလင်းလင်း ချိုးဖောက်ခြင်းဖြစ်သည်။ ၎င်းသည် ဖိလစ်ပိုင်ငါးဖမ်းလုပ်သားများ၏ အသက် မွေးဝမ်းကျောင်း လုပ်ငန်းများကိုလည်း ထိခိုက်စေသည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါ အတားအဆီးနှင့် ပတ်သက်၍ တိုက်ရိုက် ဖော်ပြခြင်း မရှိသော်လည်း ဖိလစ်ပိုင် ငါးဖမ်းသင်္ဘော ဗျူရိုက စက်တင်ဘာ ၂၂ ရက် တွင် ရေပိုင်နက်အတွင်းသို့ “ကျူးကျော်ဝင်ရောက်” ပြီးနောက် တရုတ် ကမ်းခြေစောင့်တပ်က “လိုအပ်သော အစီအမံများ” လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ကာကွယ်ပြောဆိုခဲ့သည်။

ဖိလစ်ပိုင်သည် တရုတ် ၏ ပြိုင်ဘက် အင်အားကြီးမားသော အမေရိကန် နှင့် စစ်ရေးဆက်ဆံမှုသည် အရှိန်အဟုန်ဖြင့် အားကောင်းလာချိန်တွင် တရုတ်နှင့် ဖိလစ်ပိုင်ကြား ပိုမိုတင်းမာသော ဆက်ဆံ ရေး ရှိသည်မှာ ထင်ရှားလာသည်။

၁၈ ရာစုတွင် ကျွန်းပေါ်၌ သောင်တင်နေသည့် ဗြိတိန်ကုန်တင်သင်္ဘောကို အစွဲပြု၍ အမည်ပေးထားသည့် မဟာဗျူဟာကျသော စကာဘိုရောဂ် ကျောက်တန်း ကို တရုတ်မှ ၂၀၁၂ ခုနှစ်တွင် သိမ်းဆည်းခဲ့ပြီး ထိုအချိန်မှစ၍ ကျောက်တန်းအနီးတွင် တရုတ် ကမ်းခြေစောင့်တပ်နှင့် ငါးဖမ်းသင်္ဘောများ အဆက်မပြတ် ရှိနေခဲ့သည်။

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတက်တေး လက်ထက် ၂၀၁၇ ခုနှစ် ကတည်းကပင်  တရုတ်နှင့် ဖိလစ်ပိုင် ရေလုပ်သားများသည် မုန်တိုင်းအတွင်း ငါးဖမ်းသင်္ဘောများ ခိုလှုံရာအဖြစ် အဆိုပါ ကျောက်တန်းတွင် အေးချမ်းစွာ ယှဉ်တွဲ နေထိုင်ခဲ့ကြသည်။

အဆိုပါ အတားအဆီးသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပြီး ဖိလစ်ပိုင်၏ အချုပ်အခြာအာဏာနှင့် ရေလုပ်သားများ၏ စားဝတ်နေရေးကို ကာကွယ်ရန်အတွက် သင့်လျော်သော အစီအမံအားလုံးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ်သည် ဒေသတွင်း တည်ငြိမ်ရေးအတွက် အဓိကကျကြောင်း ဂျပန်အစိုးရက တိုက်တွန်းခဲ့သည်။

“တောင်တရုတ်ပင်လယ်မှာ တင်းမာမှုတွေ မြင့်တက်စေမယ့် အပြုအမူမှန်သမျှကို ကျွန်တော်တို့ က ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်” ဟု ဂျပန်အစိုးရအဖွဲ့ အတွင်းဝန် ဟီရိုကာဇု မတ်စုနို က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ် အရေးသည် ထိလွယ်ရှလွယ်သော ကိစ္စဖြစ်ပြီး ဖိလစ်ပိုင် အနေဖြင့် ၂၀၁၆ ခုနှစ် တွင် သည်ဟိဂ် ရှိ အနုညာတ တရားရုံး ၌ ကြားနာ စစ်ဆေးပေးရန် တောင်းဆိုထားသော်လည်း တရုတ်က အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ၉၀ ရာခိုင်နှုန်းသည် နိုင်ငံတကာ ဥပဒေ နှင့် ကိုက်ညီမှု မရှိကြောင်း ဝေဖန်ခဲ့သည်။

တရုတ်သည် အဆိုပါ စီရင်ချက်ကို လိုက်နာရန် ငြင်းဆိုထားသည်။ခုံရုံးသည် ဖိလစ်ပိုင်နှင့် မိုင် ၂၀၀ အကွာ သီးသန့်စီးပွားရေးဇုန်အတွင်း တည်ရှိသော ‌ကျောက်တန်း အပေါ် အချုပ်အခြာအာဏာကို မဆုံးဖြတ်ထားသော်လည်း ယင်းဧရိယာသည် နိုင်ငံပေါင်းများစွာအတွက် ရိုးရာငါးဖမ်းနေရာဖြစ်ပြီး တရုတ်နိုင်ငံ၏ ယခင်ပိတ်ဆို့ထားမှုများသည် ဥပဒေမဲ့ဖြစ်သည်ဟု ဆိုသည်။

ဖိလစ်ပိုင်သည် ၎င်း၏ သီးသန့်စီးပွားရေးဇုန် တွင် တရုတ်က သန္တာကျောက်များ ဖျက်ဆီးခြင်းနှင့် ပတ်သက်၍ တရားရေးဆိုင်ရာ လမ်းကြောင်းများကို ချိန်ဆ လုပ်ဆောင်နေကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့သည်။

ဟွမ်ကျန် ကျွန်း သည် တရုတ်၏ ဘိုးဘွားပိုင်မြေဖြစ်ပြီး အငြင်းပွားစရာ အချုပ်အခြာအာဏာ ပိုင်နက်နယ်မြေ ဖြစ်ကြောင်း စက်တင်ဘာ ၂၅ တွင် တရုတ်က ပြောသည်။

"တရုတ်ကမ်းခြေစောင့်တပ်ဟာ ဖိလစ်ပိုင်ရေယာဉ်တွေကို ကြားဖြတ်မောင်းထုတ်ဖို့ ဥပဒေနဲ့အညီ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့ပြီး သက်ဆိုင်တဲ့ နည်းပညာဆိုင်ရာ ထိန်းကျောင်းမှုတွေ ပြုလုပ်ထားပါတယ်" ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝမ်ဘင် က ပြောကြားသည်။

Philippines removes Chinese barrier at disputed shoal in 'special operation'
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly