ကျောက်ဆည်တွင် စစ်ကောင်စီသတင်းပေးဆိုသူ ပစ်ခတ်ခံရပြီး သေဆုံး

By ကိုခင်မောင်(မဇ္စျိမ)
27 September 2023
ကျောက်ဆည်တွင် စစ်ကောင်စီသတင်းပေးဆိုသူ ပစ်ခတ်ခံရပြီး သေဆုံး

ကျောက်ဆည်မြို့နယ်၊ အနောက်ငယ်တိုးကျေးရွာမှ ဦးဖိုးအောင်(ခ)အောင်မင်းဆိုသူသည် စစ်ကောင်စီနှင့် ပူးပေါင်းကာ လူထုတော်လှန်ရေးအား ဒုက္ခပေးနေ၍ သေနတ်ဖြင့်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဒေသကာကွယ်ရေးရဲဘော်များကပြောသည်။

ဦးဖိုးအောင်ကို ကျောက်ဆည်မြို့နယ်၊ညောင်ဝန်းကျေးရွာအနီးတွင်  ယမန်နေ့ စက်တင်ဘာလ ၂၆ရက် နံနက် ၉နာရီခန့်၌ ပစ်ခတ်ခဲ့ခြင်းဟု  ဆိုသည်။

"နောက်ကျောတချက်နဲ့ ဦးခေါင်းတချက် ထိပြီး နေရာမှာတင် သေဆုံးပါတယ်"ဟုဒေသကာကွယ်ရေး ရဲဘော်တဦးကပြောသည်။  

ဦးဖိုးအောင်သည် အသက် ၆၅ နှစ်ခန့် ရှိပြီဖြစ်ပြီး စစ်တပ်သတင်းပေးလုပ်ခြင်း၊ ဒေသခံပြည်သူများ၏   မဟုတ်မမှန်သော သတင်းများအား စစ်ကောင်စီကို ပေးပို့တိုင်ကြားခြင်းများ ပြုလုပ်သဖြင့်  အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း မလိုက်နာ၍ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဟု ၎င်းကပြောသည်။

ကျောက်ဆည်မြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးကလည်း ဦးဖိုးအောင်သည် စစ်ကောင်စီနှင့်ပေါင်းကာ  တော်လှန်ရေးအင်အားစုများအား ဒုက္ခပေးနေသူဖြစ်ပြီး သူနေထိုင်ရာရွာတွင် စစ်တပ်ကို လပေါင်းများစွာ တပ်စွဲ‌နေထိုင်အောင် အကူအညီပေးခဲ့သူဟု ပြောသည်။ဦးဖိုးအောင်၏ တိုင်ကြားချက်ကြောင့် ဒေသကာကွယ်ရေးရဲ‌ဘော်တချို့  ဖမ်းဆီးခံရမှုများရှိခဲ့သည်ဟု ဆိုသည်။

ဦးဖိုးအောင်နှင့် ပတ်သက်၍ အသေးစိတ်သိနိုင်ရန် အနောက်ငယ်တိုးကျေးရွာရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ထံ  ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်းမရှိပေ။

ယနေ့ စက်တင်ဘာလ ၂၇ရက်တွင် စစ်ကောင်စီတပ်သားများသည် ကျောက်ဆည်မြို့ အဝင်၊အထွက်ဂိတ်များတွင် စစ်ဆေးမှုများတင်းကြပ်စွာလုပ်ဆောင်နေကြောင်း ဒေသကာကွယ်ရဲဘော်တဦးထံမှ သိရသည်။

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်သည် စစ်အစိုးရခေါင်းဆောင် အငြိမ်းစားဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၏ ‌ဇာတိဖြစ်သည်။ စစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူပြီးနောက်ပိုင်း ကျောက်ဆည်မြို့နယ်၌ စစ်အာဏာရှင်တော်လှန်ရေးလူထုလှုပ်ရှားမှုများ ရှိနေသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly