အကြောင်းမဲ့သတ်ဖြတ်ခံရသည့် NLD ပါတီဝင်အမျိုးသမီး ၁၀ဦးအထိရှိ

By မိုးသောက် မဲဆောက်(မဇ္ဈိမ)
27 September 2023
အကြောင်းမဲ့သတ်ဖြတ်ခံရသည့် NLD ပါတီဝင်အမျိုးသမီး ၁၀ဦးအထိရှိ
NLD ပါတီဝင်တဦး၏ နာရေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှ အကြောင်းမဲ့သတ်ဖြတ်ခံလိုက်ရသည့် အမျိုးသမီးစုစုပေါင်း ၁၀ဦးရှိသည်ဟု  ယနေ့ပြုလုပ်သည့် ပါတီ ၃၅ နှစ်မြောက် အခမ်းအနားတွင် ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဒေါ်မေဝင်းမြင့် ဖတ်ကြားသည့် ဖက်ဒရယ်ဒီမိုကရေစီအရေး ဆောင်ရွက်ထားမှုအခြေအနေနှင့်ပတ်သက်သည့်   စာတမ်းအရသိရသည်။

၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးချိန်မှစ၍ စက်တင်ဘာလ ၁၅ရက်နေ့အထိ အကြောင်းမဲ့သတ်ဖြတ်ခံရသည့် အမျိုးသမီး ၁၀ဦး၊ ဖမ်းဆီးခံရသူ ၁၉၂ ဦး၊ နေအိမ်ချိပ်ပိတ်ခံရသူ ၈၄ ဦးရှိသည်ဟု သိရသည်။

 NLDပါတီတွင် အမျိုးသမီးများသည် ဘယ်တောင်ပံတွင်ရှိနေပြီး တော်လှန်ရေး၏ ကဏ္ဍအသီးသီးဖြစ်သည့် လက်နက်ကိုင်တော်လှန်ရေး၊ ပြည်သူ့ အုပ်ချုပ်ရေး၊ သက်မွေးကြောင်းပညာရပ်များ သင်ကြားပေးခြင်းနှင့် ဆေးကုသခြင်းအပါအဝင် နယ်ပယ်ပေါင်းစုံံတွင် ပါဝင်နေသည်ဟု စာတမ်းမှာ ဖော်ပြသည်။

"အမျိုးသမီးလုပ်ငန်းအဖွဲ့အဆင့်ဆင့်သည် ဖက်ဒရယ်နှင့်ဒီမိုကရေစီ၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်တည်ဆောက်ရေးအတွက် ယုံကြည်ချက်ခိုင်မာစွာဖြင့် အားသွန်ခွန်စိုက် ပြည်သူနှင့်အတူ ကတိပြုအပ်ပါသည်” ဟု ဒေါ်မေဝင်းမြင့်ကပြောသည်။

စစ်အာဏာသိမ်းပြီးသည့်နောက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီထိပ်ပိုင်းခေါင်းဆောင်များနှင့် ပါတီဝင်များဖမ်းဆီးခံခဲ့ရသည်၊ သတ်ဖြတ်ခံခဲ့ရသည်။  စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်မှတ်ထားဖမ်းဆီးမှုများရှိသည့်အတွက် ပါတီဝင်များလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly