လွတ်လပ်စွာပညာသင်ကြားခွင့်ပြုရန် ရခိုင်ပြည်နယ်ရှိ အစ္စလာမ်ဘာသာဝင်များ တောင်းဆို

လွတ်လပ်စွာပညာသင်ကြားခွင့်ပြုရန် ရခိုင်ပြည်နယ်ရှိ အစ္စလာမ်ဘာသာဝင်များ တောင်းဆို

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် ကျောင်းနေအရွယ်ကလေးများ စာသင်ကျောင်းကို စွန့်ခဲ့ရမှုနှင့် လွတ်လပ်စွာ ပညာသင်ကြားခွင့်များ ဆုံးရှုံးနေမှုတို့ကို ယခုအစိုးရသက်တမ်းတွင် ဦးစားပေးဆောင်ရွက်ပေးရန် ရခိုင်ပြည်နယ်ရှိ အစ္စလာမ်ဘာသာဝင်များက မျှော်လင့်နေကြောင်း သိရသည်။

"ပညာရေးမှာ ဆယ်တန်းအောင်မြင်ပြီးသူတွေ၊ တက္ကသိုလ်မှာ ပထမနှစ်၊ ဒုတိယနှစ် စသဖြင့် တက်ခဲ့တဲ့သူတွေက အခု ဆက်လက် တက်ခွင့်မရှိဘူး ဖြစ်နေတယ်။ ဒါကြောင့် ကျောင်းသားတွေက စိတ်ဓာတ်တွေကျနေတယ်။ မျှော်လင့်ချက်ကင်းမဲ့သလိုဖြစ်နေတယ်ပေါ့။ လူငယ်တွေက တိုင်းပြည်ရဲ့ သယံဇာတတွေဖြစ်တယ်။ အစိုးရသစ် အနေနဲ့ စဉ်းစားပြီးတော့ လုပ်ပေးစေချင်ပါတယ်။"

ယင်းအပြင် အထက်တန်းပညာအောင်မြင်ပြီးသော အစ္စလာမ်ဘာသာဝင် ကျောင်းသားများအနေနှင့် ရခိုင်ပြည်နယ်အတွင်း တက္ကသိုလ်ပညာ ဆက်လက်သင်ကြားခွင့် ဆုံးရှုံးနေမှုများအပေါ်တွင်လည်း ပြန်လည် ရရှိနိုင်ဖို့ ၂၀၁၂ ခုနှစ် ပဋိပက္ခမတိုင်မီက စစ်တွေတက္ကသိုလ်တွင် ဘူမိဗေဒဘာသာရပ်အထူးပြု တတိယနှစ် ကျောင်းသား ကိုခင်မောင်မြင့်က ပြောသည်။

"ကျနော့်မှာ ဘာရည်မှန်းချက်မှလဲ မရှိတော့ပါဘူး။ အရာအားလုံးဟာ ဆုံးရှုံးခဲ့ပါပြီ။ မျှော်လင့်ချက်ကတော့ ရှိနေဆဲပါ။ ဖြစ်နိုင်မယ်ဆိုရင် ဒီအစိုးရလက်ထက်မှာ ပညာသင်ကြားခွင့် ပြန်လည်ရရှိဖို့ မျှော်လင့်ပါတယ်။"

စစ်တွေမြို့ရှိ ၂၀၁၂ ခုနှစ် ပဋိပက္ခတိမ်းရှောင် အစ္စလာမ်ဘာသာဝင် ဒုက္ခသည်ပေါင်း ၁၄၀,၀၀၀ တွင် အသက် ၅ နှစ်မှ ၁၇ နှစ်အရွယ် ၆၀ ရာခိုင်နှုန်းမှာ ပညာသင်ကြားခွင့် ဆုံးရှုံးနေပြီး ၂၀၁၂ ခုနှစ်မတိုင်ခင်က အစ္စလာမ်ဘာသာဝင် အထက်တန်းကျောင်းသား ၇၀၀ နှင့် မူလတန်းကျောင်းသား ၂၀၀၀ ကျော် ရှိခဲ့သော်လည်း ပဋိပက္ခကြောင့် မြို့ပေါ်စာသင်ကျောင်းများကို ကျောခိုင်းခဲ့ရကြောင်း စစ်တွေမြို့၊ သက္ကေပြင်ဒုက္ခသည်စခန်းတွင် ပညာသင်ကြားနေသူ ကျောင်းဆရာ ဦးဇော်ဇော်က ပြောသည်။

"ကျနော်တို့ ဒီဘက် မူဆလင် လူငယ်လေးတွေ၊ ကျောင်းသားတွေ ပညာဆက်လက်သင်ကြားခွင့်၊ တန်တူးသင်ကြားခွင့်၊ ခွဲခြားမှုမရှိပဲ သင်ကြားခွင့်ကို ရချင်ပါတယ်။" ဟု ၎င်းက ပြောသည်။ 

ယင်းအပြင် ရခိုင်ပြည်နယ်ရှိ အစ္စလာမ်ဘာသာဝင်များအပေါ် ပညာသင်ကြားခွင့် ဖိနှိပ်ထားခြင်းသည် ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမို ဆုတ်လျော့စေကြောင်းလည်း ၂၀၁၂ ခုနှစ် ပဋိပက္ခတွင် ဖမ်းဆီးခံခဲ့ရသူ ဦးကျော်လှအောင်က ယခုလို ဆက်လက်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly