ပါရာဆဲလ်ကျွန်း၌ တရုတ်၏ ရေယာဉ်မှတ်ပုံတင်စခန်းများ ထားရှိခြင်းကို ဗီယက်နမ် ကန့်ကွက် 

26 September 2023
ပါရာဆဲလ်ကျွန်း၌ တရုတ်၏ ရေယာဉ်မှတ်ပုံတင်စခန်းများ ထားရှိခြင်းကို ဗီယက်နမ် ကန့်ကွက် 
Photo: AFP

ပါရာဆဲလ်ကျွန်း၌ အလိုအလျောက် ရေယာဉ်မှတ်ပုံတင်စခန်း နှစ်ခု တရုတ်က ထားရှိခြင်းသည် အရှေ့တောင်အာရှ ဗီယက်နမ်၏ အချုပ်အခြာကို ချိုးဖောက်ရာ ရောက်သည်ဆိုလျက် ဗီယက်နမ်နိုင်ငံက ကန့်ကွက်သည်။ 

“ပါရာဆဲလ်ကျွန်းမှာ လုပ်ကိုင်ဆောင်ရွက်မှု မှန်သမျှဟာ ဗီယက်နမ်ခွင့်ပြုချက် မရှိရင် နိုင်ငံရဲ့ အချုပ်အခြာကို ချိုးဖောက်တာပဲ ဖြစ်ပြီး လုံးလုံး မသင့်မြတ်ဘူး”ဟု နိုင်ငံခြာရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဖမ်သူဟန်က ဆိုထားကြောင်း ယင်းဝက်ဘ်ဆိုက်ရှိ ထုတ်ပြန်ချက်၌ ဖော်ပြသည်။ 

တောင်တရုတ်ပင်လယ်ရှိ ပါရာဆဲလ်ကျွန်းပေါ်က မြောက်ပိုင်းကျောက်တန်းနှင့် ဘွမ်ဘေးကျောက်တန်းတို့တွင် တရုတ်က သင်္ဘောမှတ်ပုံတင်စခန်းများ တည်ဆောက်ကြောင်း မီဒီယာသတင်းများနောက်တွင် ယခုကဲ့သို့ ထုတ်ပြန်လာခြင်းပဲ ဖြစ်သည်။ 

အငြင်းပွား တောင်တရုတ်ပင်လယ်တွင် မိမိတို့၏ အချုပ်အခြာကို လေးစားရန် ဗီယက်နမ်က တရုတ်အား တိုက်တွန်းခြင်းသည် ယခုအကြိမ်က ပထမအကြိမ် မဟုတ်ပေ။ 

ပါရာဆဲလ်နှင့် စပရတ်တလေးကျွန်းများ၌ ခရီးသွားလုပ်ဆောင်ချက်များကို အဆုံးသတ်ရန်အပြင် အငြင်းပွားရေပြင်၌ စစ်ရေးလေ့ကျင့်မှုများကို ရှောင်ကြဉ်ရန် အိမ်နီးချင်း တရုတ်အား အရှေ့တောင်အာရှ ဗီယက်နမ်က ယခင်ကလည်း တိုက်တွန်းထားသည်။ 

တောင်တရုတ်ပင်လယ်ရှိ အငြင်းပွား ကမ်းနီးရေတိမ်ပိုင်းတွင် တရုတ်တို့ ချထားသည့် ရေပေါ်မျော အတားအဆီးများကို ဖယ်ရှားပစ်လိုက်ကြောင်း ဖိလစ်ပိုင်နိုင်ငံကလည်း ပြောပြီးနောက် ဗီယက်နမ်နိုင်ငံ၏ စိုးရိမ်ပူပန်မှု ထွက်ပေါ်လာခြင်းပဲ ဖြစ်သည်။ တရုတ်၏ အတားအဆီးများကြောင့် ဖိလစ်ပိုင်နှင့် တရုတ် နှစ်နိုင်ငံကြား တင်းမာမှုများ ရှိနေသည်။ 

ဗီယက်နမ်ရော ဖိလစ်ပိုင်ကပါ တရုတ်၏ တရားဝင်မြေပုံသစ်သည် ၎င်းတို့၏ အချုပ်အခြာကို ချိုးဖောက်ထားသည်ဟဆိုလျက် ကန့်ကွက်ထားသော နိုင်ငံများတွင် အပါအဝင် ဖြစ်သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly