မိုးကုတ်အနောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်

By 007 (မဇ္ဈိမ)
26 September 2023
မိုးကုတ်အနောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်ရပ်တွင် ယနေ့ စက်တင်ဘာလ ၂၆ ရက် နံနက် ပိုင်းက စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“မနက်စောစောစီးစီး အနောက်ပိုင်းမှာ ပစ်ခတ်မှုတွေဖြစ်တာ တနာရီခွဲလောက် ကြာတယ်။ အခုတော့ အသံတိတ်နေပြန်တယ်။ ဒီနေ့ အနောက်ပိုင်းရော မိုးကုတ်မြို့ထဲကိုပါ စစ်ကောင်စီတပ်က စစ်ဆေးရေး တင်းကျပ်ထားတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့်ဒေသခံတဦးက ပြောသည်။

မိုးကုတ်အနောက်ပိုင်း ကျပ်ပြင်ရပ်ရှိ ရေထွက်ကြီးကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်း ကို TNLA ပူးပေါင်းအဖွဲ့က ၀င်ရောက်တိုက်ခိုက်ရာမှ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မိုးကုတ် အခြေပြုတပ်ရင်းများ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ရေထွက်ကြီးကျေးရွာ၌ တပ်စွဲထားသောစစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ရင်းများဖြစ် သော ၁၂၂၁ ၊ ၁၂၂၃ နှင့် TNLA တို့ပူးပေါင်း၍ စစ်ဆင်ရေးဆောင်ရွက်ခဲ့ရာ လက်နက်ငယ်တလက်၊ ပစ္စတို တလက်နှင့် ၅ ဒသမ ၅၆ ကျည်ဆန်များသိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မန္တလေးတိုင်း မိုးကုတ်မြို့တွင် TNLA ပူးပေါင်းအဖွဲ့တို့အထိုင်ချထားသော ကုန်းစံကျေးရွာအနီး၀န်းကျင် သို့ စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၀ ရက်နေ့ညနေပိုင်းတွင် စစ်ကြောင်းထိုး၀င်ရာမှစပြီး တိုက်ပွဲ များဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုများရှိခဲ့သဖြင့် စက်တင်ဘာလ ၁၅ ရက်နေ့ ညနေ ပိုင်းတွင် ၎င်းကျေးရွာအနီး၀န်းကျင်အပါအ၀င် မိုးကုတ်အနောက်ပိုင်းအား စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နှင့် မူဆယ်မြို့နယ်၊ မန္တလေးတိုင်း မိုးကုတ်မြို့နယ်တို့တွင် စစ်ကောင်စီ တပ်များနှင့် TNLA တို့အကြား စက်တင်ဘာလ ၁၈ ရက်နေ့အထိ တိုက်ပွဲများပြင်းထန်ခဲ့ပြီး လက်ရှိ တွင်လည်း ဆက်လက်ဖြစ်ပွားနေကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးမှ ထုတ်ပြန်ထားသည်။

ပုံစာ - TNLA ပူးပေါင်းအဖွဲ့က စစ်ကောင်စီစခန်းမှသိမ်းဆည်းရရှိခဲ့သော လက်နက်နှင့်ကျည်ဆန်များ (Photo မိုးကုတ်အခြေပြုတပ်ရင်းများ)

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly